ရန်ကုန်  ဩဂုတ်  ၄

၂၀၂၅-၂၀၂၆ ရာသီ MNL-2(ပထမတန်း) ပြိုင်ပွဲ ပွဲစဉ်(၁) ဒုတိယနေ့ကို ဩဂုတ် ၄ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်စီးတီးအသင်းနှင့် လက်ရှိချန်ပီယံ Chinland  အသင်း နိုင်ပွဲရရှိခဲ့သည်။   တက္ကသိုလ်ကွင်း၌    ကျင်းပသည့် ရန်ကုန်စီးတီးအသင်းက   Glory Goal  အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိသည်။   ယခုရာသီမှ  ပထမတန်းသို့ တန်းတက်ခွင့်ရသော်လည်း    ရာသီကြိုပြင်ဆင်မှုများနှင့်  ကစားသမားသစ်ခေါ်ယူမှုများကြောင့် အာရုံစိုက်ခြင်းခံထားရသည့်      ရန်ကုန် စီးတီးအသင်းသည်   အဖွင့်ပွဲတွင်    နိုင်ပွဲရယူနိုင်ခဲ့သည်။ နာမည်ကျော်နည်းပြ  ဦးအောင်နိုင် ကိုင်တွယ်လာသည့်အပြင်   လက်ရွေးစင်ဟောင်းများဖြစ်သည့် စည်သူအောင်နှင့် ကျော်ဇင်လွင်တို့ ဦးဆောင်လာသည့် ရန်ကုန်စီးတီးအသင်းသည် ပထမပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်စီးတီးအသင်းအတွက် ဂိုးများကို လေးမိနစ်တွင် စည်သူအောင်၊ ၃၂ မိနစ်တွင် ဟိန်းထက် စည်သူတို့က သွင်းယူပြီး Glory Goal အသင်းအတွက် ချေပဂိုးကို မိနစ် ၄၀ တွင် အောင်ဖြိုးမင်းက သွင်းယူသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်သဖြင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းက YB United အသင်းကို   သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ Chinland အသင်း အဖွင့်ပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့ပြီး အနိုင်ဂိုးများကို ၇၊ ၅၉ မိနစ်တွင် လှဖုန်းဦး၊ ၂၇ မိနစ်တွင် တင့်အောင်ကျော်က သွင်းယူသည်။

ပွဲစဉ် (၁) အပြီးတွင် မြဝတီအသင်း၊ Chinland  အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ သုံးမှတ်စီ ရထားပြီး တက္ကသိုလ်အသင်းနှင့်  ကချင်ယူနိုက်တက်အသင်းတို့က တစ်မှတ်စီရရှိထားကာ Glory Goal  အသင်း၊ YB United အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့မှာမူ  ရှုံးပွဲကြုံတွေ့ကာ အမှတ်မရသေးပေ။

သော်လေး၊ ဓာတ်ပုံ-MNL