ဩဂုတ် ၅

ရိုမေးနီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၀၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှုအရေအတွက်စံချိန်တင်ခဲ့သည်ဟု အမျိုးသားအဆင့်ကျန်းမာရေးအင်စတီကျု့ အိုင်အင်န်အက်စ်ပီက ယမန်နေ့က အချက်အလက်ထုတ်ပြန်ဖော်ပြထားသည်။

ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူဦးရေသည် လွန်ခဲ့သောလက ရောဂါဖြစ်ပွားမှုနှင့်နှိုင်းယှဉ်ပါက ၂၃၂ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု သိရသည်။

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၄၄၂ ဦးသည် ကနဦးကူးစက်မှုဖြစ်ပွားပြီးနောက် ရက် ၉၀ ကျော်အကြာတွင် ထပ်မံကူးစက်ခံရခြင်းဖြစ်သည်။

ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်ပြီးသေဆုံးသူ ခုနစ်ဦးရှိရာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်သည်ဟု သိရသည်။ ၎င်းတို့အနက် လေးဦးသည် အသက် ၇၀မှ ၇၉ နှစ်အရွယ်ရှိသူများဖြစ်ပြီး သုံးဦးသည် အသက် ၈၀ ကျော်အရွယ်များဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်ဖြစ်ပွားချိန်ကတည်းက ဇူလိုင်လ ၃၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၅၈၆၁၉၃ ဦးရှိပြီး ယင်းရောဂါဖြင့်ဆက်စပ်သေဆုံးသူ ၆၉၂၆၆ ဦးရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို