ရန်ကုန် ဩဂုတ် ၅
ရန်ကုန်မြို့သို့ ရေငန်ထွက်ကုန်များ ဝင်ရောက်လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် သက်ဆိုင်ရာ ဆိပ်ကမ်းများမှ အအေးခန်းစက်ရုံများတွင် သိုလှောင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ငါးဖမ်းစက်လှေအစင်း ၅၀၀ ကျော်ရှိပြီး မုန်တိုင်းကာလ ပင်လယ်ပြင်လှိုင်း လေထန်ချိန်တွင် ငါးဖမ်းစက်လှေများ ကျွန်းများ၌ တစ်ပတ်တာ နားခိုခဲ့ကြသော်လည်း လက်ရှိတွင် ပင်လယ်ပြင်၌ ငါးဖမ်းစက်လှေ အစင်း ၃၅၀ ကျော် ငါး/ပုစွန်ဖမ်းဆီးလျက်ရှိကာ ဖမ်းဆီးရမိသည့် ငါး/ပုစွန်များကို ငါးသယ်စက်လှေများဖြင့် ရန်ကုန်မြို့ရှိဆိပ်ကမ်း ၁၀ ခုသို့ ပို့ဆောင်ပေးလျက်ရှိသည်။
“လက်ရှိပင်လယ်ပြင်မှာ ရန်ကုန်မြို့က ငါးဖမ်းစက်လှေအစင်း ၃၅၀ ကျော်ရှိနေပြီး ရာသီဥတုပုံမှန် အနေအထား ပြန်ရောက်လာပြီဖြစ်တဲ့အတွက် ဆိပ်ကမ်းတွေကို ငါးသယ်စက်လှေတွေ နေ့စဉ်ဝင်နေ ပါတယ်။ ရေချိုစားသုံးမှုကနေ ရေငန်ထွက်ကုန် ဝင်ရောက်လာတာဟာ ပြည်တွင်းရေထွက်ကုန် စားသုံးမှုဖူလုံရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။ ပြီးတော့ ပြည်ပပို့ကုန်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ လည်း ရရှိစေပါတယ်”ဟု ရန်ကုန်မြို့ ငါးဖမ်း ရေယာဉ်စောင့်ကြည့်စစ်ဆေးရေးရုံးမှ ဦးစီးအရာရှိ ဦးတင်ထွန်းက ပြောသည်။
တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ သည့် ပြည်ပပို့ကုန်အဖြစ် ငါးတံခွန်ကြီး၊ ငါးပါးနီ၊ ငါးကွမ်းရှပ်၊ ငါးသင်းဝါ (ငါးပုတ်သင်)၊ ကကတစ်၊ ငါးရွှေ၊ ငါးမုတ် အဖြူ/အမဲ၊ ငါးသင်ဝါ/ဖြူ၊ ငါးခေါင်းပွ၊ ပြည်ကြီးငါးနှင့် ပုစွန်မျိုးစုံတို့ကို အအေးခန်းစက်ရုံ များသို့ တင်ပို့လျက်ရှိသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှတစ်ဆင့် ပြည်တွင်းစားသုံးမှုအဖြစ် ရွှေပိတောက်ငါးဈေးနှင့် ကြည့်မြင်တိုင်စံပြငါးဈေးတို့ကို ဇာဗျတ် ကြီး/သေး၊ ကုလားငူပေါက်၊ ဝမ်းပူကြီး /သေး၊ ဂျပန်လုံးပေါက်၊ ပင်လယ်ငါးခူကြီး/သေး၊ ငါးရံ့၊ ဒိုးချော၊ ဒယောကြီး၊ ငါးနှပ်၊ ပုလဲလတ်၊ ငါးချဉ်ပေါင်၊ မီးဝါကြီး၊ ပုလဲဝမ်းပူ အပါအဝင် ရေထွက်ကုန် ရာကျော်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
“ဒီလပထမပတ်မှာ ပင်လယ်ပြင်က ငါးသယ် စက်လှေအကြီးတွေ ဝင်လာတဲ့အတွက် ရေငန်ထွက် ကုန်တွေ ပုံမှန်ဝင်ရောက်လာပြီလို့ ပြောရမှာပါ။ ဒီနေ့လည်း ဝင်လာနေပါတယ်၊ မနက်ဖြန်မှာလည်း ငါးသယ် စက်လှေအကြီးတွေ ငါးမျိုးစုံတင်ဆောင်ပြီး ဝင်လာဖို့ရှိတယ်။ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန် ငါးတွေလည်း ပါလာတာကြောင့် အအေးခန်းစက်ရုံတွေကိုပို့ပြီး ပြည်ပတင်ပို့ကြမှာပါ။ ရေငန်ထွက် ကုန်ဝင်လာတာနဲ့ ဈေးနှုန်းမြင့်နေတဲ့ ရေချိုငါးဈေးနှုန်းလည်း ကျဆင်းလေ့ရှိပါတယ်။ အထူးသဖြင့် ပြည်ပပို့ကုန်အဖြစ် ကုန်ပစ္စည်း ဝင်ရောက်လာတာဟာ နိုင်ငံခြားဝင်ငွေရရှိစေတဲ့အတွက် နိုင်ငံတော်နဲ့ လုပ်ငန်းရှင်အတွက် အကျိုးကျေးဇူးရရှိစေပါတယ်" ဟု ကြည့်မြင်တိုင် အမ်အန်ဂျီဆိပ်ကမ်းမှ ရေထွက် ကုန်လုပ်ငန်းရှင် ဒေါ်တင်နွဲ့က ပြောသည်။
သတင်း-သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်


