ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းသည် ချယ်ဆီးအသင်းကွင်းလယ် ကစားသမား ကီရန်ဒူးဘူရီ ဟောလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း ဝန်းကျင်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိပြီ ဖြစ်ကြောင်း သိရသည်။ သဘောတူညီချက်အရ အဲဗာတန်အသင်းသည် ဒူးဘူရီဟောလ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းနှင့် စွမ်းဆောင်ရည်အလိုက် ထပ်ဆောင်းအပိုဆုကြေး ပေါင် လေးသန်း ပေးချေကာ ခေါ်ယူသွားမည်ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် အဆိုပါ ကွင်းလယ်ကစားသမား ဒူးဘူရီဟောလ်သည် အစောပိုင်းကာလတွင် ချယ်ဆီးအသင်းကို ဖီဖာကလပ် ကမ္ဘာ့ဖလားနှင့် ယူအီးအက်ဖ်အေကွန်းဖရင့်လိဂ်ဖလား ဆွတ်ခူးရရှိ အောင် ကူညီပေးထားနိုင်ပြီးနောက် စတန်းဖို့ဒ်ဘရစ်မှ ထွက်ခွာရန် တွန့်ဆုတ်နေခဲ့သည်။ သို့သော် လည်း ပွဲထွက်ကစားခွင့် နည်းပါးခြင်းနှင့် ချယ်ဆီးအသင်းက ရောင်းချရန်ဆန္ဒရှိနေခြင်းတို့ကြောင့် ဂွတ်ဒီဆင်ပတ်ခ်သို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချယ်ဆီးအသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒူးဘူရီဟောလ်ကို အများအားဖြင့် လူစားဝင် ကစားသမားအဖြစ်သာ အသုံးပြုခဲ့သော်လည်း အရေးပါသည့်သွင်းဂိုးများသွင်းယူကာ ခြေစွမ်းပြသ ထားနိုင်သူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် လက်စတာအသင်းမှ စတန်းဖို့ဒ်ဘရစ်သို့ရောက်ရှိလာသော ဒူးဘူရီဟောလ်သည် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန် ခဲ့ရသူ ဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၃၆ ပွဲ ပါဝင်ကစားခွင့်ရရှိထားသော်လည်း ပရီမီယာလိဂ်တွင် နှစ်ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ကြောင်း သိရသည်။
အောင်ဇော်


