နေပြည်တော် ဩဂုတ် ၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက် မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၅ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း ကျောင်းသား ကျောင်းသူ ၃၆၉ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၀၁၄ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

 

ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၅၉ ဦး စုစုပေါင်း ၁၀၈ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဝက်သက်ရောဂါ၊ တုပ်ကွေးရောဂါတို့နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးရန်လိုအပ်သည့် လူနာ ၂၅ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးသည်။ ယင်းအပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၆ ဦး တက်ရောက် ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်