ကန့်ဘလူ ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံ စေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း တောင်သူများ၏ လယ်ယာမြေများတွင် မြေပဲ ၅၁၉၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားဧကထက် ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်ရှိ တောင်သူများသည် မိုးသီးနှံမြေပဲကို သီးသန့်စိုက်ခင်းများဖြင့်လည်းကောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများနှင့်ရော၍ ပင်ကြား၊ တန်းကြားသီးညှပ်စိုက်ခင်းများဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ မိုးသီးနှံ မြေပဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအများအပြားတွင် ဇူလိုင်လအတွင်း စိုက်ပျိုးပြီးစီးခဲ့ပြီး အဆိုပါ မိုးသီးနှံများရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ မြေပဲသီးနှံစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး ဒေသနှင့် ကိုက်ညီသည့် မြေပဲမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ များ စနစ်တကျသုံးစွဲနိုင်ရေးနှင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးတို့အတွက် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းတာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုးပေးခြင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးလျက်ရှိ
ကန့်ဘလူမြို့နယ်တွင် မိုးရာသီ ဆီထွက်သီးနှံ မြေပဲကို ၅၁၅၈၆ ဧကလျာထားစိုက်ပျိုးရာ ၅၁၉၃၁ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ၃၄၅ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ဆီထွက်သီးနှံ မြေပဲအပြင် နှမ်း၊ နေကြာတို့ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


