မုံရွာ မတ် ၁၃


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျင်းပမည့် ယခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလနှင့် သင်္ကြန်အကြို ကာလများတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စည်းကမ်းပျက်မော်တော်ယာဉ်များနှင့် ဆူညံ အိတ်ဇောတပ် မော်တော်ဆိုင်ကယ်များအား  ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


''သင်္ကြန်ကာလ အတွင်းမှာ အိတ်ဇောဖွင့် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များကိုဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်မယ်၊ လိုင်စင်ရှိတဲ့ မော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်များကိုတော့ သင်္ကြန်ကာလပြီးဆုံးမှ ပြန်လည်ထုတ်ပေးမှာဖြစ်ပြီးလိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကိုတော့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်တယ်၊ အဓိကကတော့ သင်္ကြန် ကာလအတွင်း မော်တော်ယာဉ် မတော်တဆမှုတွေ လျော့နည်းစေဖို့အတွက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်ကပြောသည်။


၂ဝ၁၈ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ရုံးစိုက်ရာမြို့များဖြစ်သော စစ်ကိုင်းမြို့တွင် မော်တော်ယာဉ်(၂)စီး၊ မော်တော်ဆိုင်ကယ် (၃၆)စီး၊ ကလေးမြို့တွင် မော်တော်ယာဉ် (၃)စီး၊ သုံးဘီး ဆိုင်ကယ် (၁)စီး၊ မော်တော်ဆိုင်ကယ်(၆၄)စီး၊ တမူးမြို့တွင် မော်တော်ဆိုင်ကယ်(၃)စီး၊ မုံရွာမြို့တွင် မော်တော်ယာဉ် (၈)စီး၊ ထော်လာဂျီယာဉ် (၁)စီး၊ သုံးဘီးဆိုင်ကယ် (၁)စီး၊ မော်တော်ဆိုင်ကယ် (၁၃၈)စီးနှင့် ရွှေဘိုမြို့တွင် မော်တော်ဆိုင်ကယ် (၇ဝ)စီးတို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ်(၁၇)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း) ရုံး၏ မှတ်တမ်းများအရ သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)