စစ်တွေ ဩဂုတ် ၆

 

မိုခါမုန်တိုင်းဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးထားသည့် သစ်ခွဲသားများအတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက် အထွေထွေမန်နေဂျာက သစ်ဖိုးငွေပေးချေရန်ကျန်ရှိမှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက ဖြန့်ဖြူးရောင်းချပေးထားသည့် သစ်ခွဲသားများအတွက် တန်ဖိုးကျသင့်ငွေပေးချေရန်ကျန်ရှိမှုနှင့် ပတ်သက်၍ တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြု ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံးသို့ သွားရောက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအား ပေးစကား ပြောကြားပြီး တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံး၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ဆက်လက်၍ ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအား သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားပြီး တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ - ဝင်းမင်းစိုး