တိုကျို ဩဂုတ် ၆
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချခံခဲ့ရသည့် နှစ် (၈၀) ပြည့် အောက်မေ့ဖွယ်ရာ နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ကျင်းပခဲ့သည်။
အဆိုပါနှစ်ပတ်လည်အခမ်းအနားကို ဟီရိုရှီးမား ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် ဗြိတိန်ကဲ့သို့သော နျူကလီးယား အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံနှင့်ဒေသ ပေါင်း ၁၂၀ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တက်ရောက်လာသူ များက သေဆုံးသူများအား အောက်မေ့သတိရသည့် အနေဖြင့် ခေတ္တမျှငြိမ်သက်ခဲ့သည်။ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု အလံများလွှင့်ထူကာ ငြိမ်းချမ်းရေးအတွက် တောင်းဆုပြုခဲ့ကြသည်။
အဏုမြူဗုံးဒဏ်ခံရသူများစာရင်းကို ပန်းခြံရှိ အထိမ်းအမှတ်ကျောက်တိုင်၌ ရေးထိုးထားသည်။
၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်တွင် အမေရိကန် B-29 ဗုံးကြဲလေယာဉ်များက ဟီရိုရှီးမားမြို့ကို ဗုံးကြဲခဲ့ပြီး သြဂုတ် ၉ ရက်တွင် နာဂါဆာကီမြို့ကို ဗုံးကြဲခဲ့သည်။
အဏုမြူဗုံးဒဏ်မှ အသက်ရှင်လွတ်မြောက်လာသူများအဖွဲ့ နီဟွန်ဟီဒန်ကျိုက ယမန်နှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့သည်။ အဆိုပါဆုသည် ကမ္ဘာ့နျူကလီးယားဖျက်သိမ်းရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


