ကိုင်ရို   ဩဂုတ်  ၆

အီဂျစ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းသုတေသန အဆင့်မြင့်ပြတိုက်ကြီးကို နိုဝင်ဘာ ၁ ရက်တွင်  ဖွင့်လှစ်ရန်   အီဂျစ် သမ္မတ အယ်လ်စီစီက ယနေ့အတည်ပြုပြောကြားခဲ့သည်။

ပြတိုက်ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ထားရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာ မတ်ဘောင်လီက ပြောကြားသည်။

ပြတိုက်ဖွင့်ပွဲကို ကနဦးက ဇူလိုင် ၃ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အစ္စရေးနှင့် အီရန်ကြား စစ်ရေးပဋိပက္ခများကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

အဆိုပါပြတိုက်သည်    အထင်ကရ  ဂီဇာပိရမစ်များအနီးတွင် တည်ရှိပြီး စတုရန်းမီတာ ၅၀၀၀၀၀ နီးပါးကျယ်ဝန်းသည်။

ယဉ်ကျေးမှုဆိုင်ရာ ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည့် အဆိုပါပြတိုက်အတွင်း၌   ရှေးဟောင်းလူ့အသုံးအဆောင်ပစ္စည်းများအပါအဝင် ရှေးဟောင်းပစ္စည်းပေါင်း ၅၇၀၀၀ ခန့်ကို ထားရှိမည်ဖြစ်ကြောင်း အီဂျစ်ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းသုတေသနဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်