ရန်ကုန်   ဩဂုတ်   ၆

၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုး သမီးခြေစစ်ပွဲ အုပ်စု (D) ပထမ နေ့ကို ဩဂုတ် ၆ ရက်က ရန်ကုန် မြို့ရှိ  သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက တာ့ခ်မင်နစ္စတန်အသင်းကို    ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အိမ်ရှင်မြန်မာအသင်း နောက်မှ လိုက်ကစားရသော်လည်း အဖွင့်လှခဲ့ပြီး   တာ့ခ်မင်နစ္စတန်အသင်း ကို ဂိုးပြတ်အနိုင်ယူခဲ့သည်။ ပြီးခဲ့သည့် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင်  မျှော်မှန်း ထားသလောက် ရလဒ်မကောင်းခဲ့သည့် မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင် မြင်ရန်    ကြိုးပမ်းရမည်ဖြစ်ပြီး အဖွင့်ပွဲ အနိုင်ရသော်လည်း အင်ဒိုနီးရှား၊ အိန္ဒိယတို့နှင့် ပွဲများတွင်   နိုင်ပွဲရယူနိုင်ရန်  ကြိုးပမ်းရမည်ဖြစ်သည်။

မြန်မာအသင်းသည် သူဇာအောင် (ဂိုး)၊ မင်းမင်းနု၊ ယုယုနိုင်၊ ခင်မိုးဝင်း၊   နန်းချိုမွှေး၊   နိုင်နိုင်ဝင်း၊   ဝင်းစန္ဒာ၊  ဒေစီအောင်၊  စုစုခင်၊ အိသက်ဖြိုးနှင့် ယဉ်လွန်းအိမ်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ သည်။ ပွဲအစ ခြောက်မိနစ်တွင် တာ့ခ်မင်နစ္စတန်အသင်း ဂိုးစတင်ရရှိပြီး ထောင့်ကန်ဘောမှတစ်ဆင့် ဘာဘာယီဗာက ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုး ရရန် ကြိုးပမ်းခဲ့သလို မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် တာ့ခ်မင်နစ္စတန်အသင်း ကစားပုံ ပျက်သွားပြီး မြန်မာအသင်းအတွက် အခွင့်အရေးဖြစ်လာခဲ့သည်။ ၁၄ မိနစ်တွင် အိသက်ဖြိုးက မြန်မာအသင်းအတွက် ချေပဂိုးပြန်သွင်းပြီးနောက် ပွဲကိုထိန်းချုပ်နိုင်ခဲ့ကာ ၂၅၊ ၄၂ မိနစ်တွင် ဒေစီအောင်၊ ၂၈ မိနစ်တွင် အိသက်ဖြိုးတို့က  ဂိုးများထပ်သွင်းကာ  ပထမပိုင်းအပြီးတွင် လေးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်း ပွဲကိုထိန်းကစားသွားပြီး ၅၄ မိနစ်တွင် အိသက်ဖြိုး၊ ၆၆ မိနစ်တွင် ယဉ်လွန်းအိမ်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူကာ ပွဲအပြီးတွင် ဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဩဂုတ် ၈ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ညီမြတ်သော်တာ