ကန့်ဘလူ ၁၃ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၃၂ ရွာ(၂၆ ယူနစ်) အား အောင်မြင်စွာအကောင်အထည်ဖော်လျက်ရှိပြီး အဆိုပါ ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ ၃၁၁၉ ဦး၊ မွေးမြူရေး လုပ်ဆောင်သူ ၁၅၉၉ ဦး၊ ရေလုပ်ငန်း ၁၆ ဦး၊အရောင်းအဝယ် ၁၀၅ ဦးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ၁၀၉ စုစုပေါင်း ၄၉၄၈ ဦးတို့အား မတည်ရန်ပုံငွေကျပ် ၁၀၇၁ ဒသမ ၇၆ သန်းကို လုပ်ငန်းအလိုက် ထုတ်ချေးပေးထားပြီး အတိုးရငွေ စုစုပေါင်း ၃၃၆ ဒသမ ၅၀ သန်း ရရှိနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်ထံမှ သိရသည်။
စီမံကိန်းဆောင်ရွက်သည့် ကျေးရွာများအား တစ်ရွာလျှင်(အိမ်ခြေ ၈၀ မကျော်ပါက နှစ်ရွာပေါင်း) အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၁၀ သန်းအား နိုင်ငံတော် ဘတ်ဂျက်မှ မတည်ပေးပြီး ကျေးရွာပြည်သူများ ကိုယ်တိုင်ပါဝင်ကာ အများသဘောတူ ရွေးချယ်ထားသည့် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီများ ဖွဲ့စည်းကာ ကျေးလက်နေပြည်သူတို့၏ မိသားစု လူမှုစီးပွား တိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများကို အရင်းအနှီးမတည်ပေးခြင်းဖြစ်သည်။
မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာတို့တွင် အတိုးငွေကို အများဆုံး တစ်ကျပ်ခွဲ၊ တစ်ကျပ်ခွဲအောက်(တစ်ကျပ်၊ပြား ၅၀ စသည်ဖြင့်) ကို မြစိမ်းရောင် ကော်မတီနှင့်ကျေးရွာပြည်သူ များ၏ သဘောတူညီမှုဖြင့် သတ်မှတ်၍ ချေးငွေထုတ်ချေးပေးပြီး ချေးငွေနှင့် အတိုးရငွေများအား ကျေးရွာပြည်သူများက မှန်မှန်ပြန်ဆပ်ခြင်းဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ တိုးပွားလာစေမည် ဖြစ်သည်။ အဆိုပါ အတိုးရငွေဖြင့် သက်ဆိုင်ရာ ကျေးရွာများအလိုက် မိမိတို့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကင်း၊ စိန်နား၊ ချပ်ကြီး ကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေများဖြင့် ရွာလယ်လမ်းများပိုမိုကောင်းမွန်ရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းနှင့် မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာများ ဝင်ငွေတိုးပွားရေး လုပ်ငန်းများ အပြိုင်အဆိုင် ဆောင်ရွက်လာစေရန် မြစိမ်းရောင် စီမံကိန်း ဆန်းစစ်သုံးသပ်ခြင်းနှင့် တစ်နှစ်တာလုပ်ငန်း စွမ်းဆောင်ရည်ဆုကိုလည်း ချီးမြှင့်ပေးအပ် လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


