ဩဂုတ် ၇
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ဆင်ရေးနှင့်စားရေရိက္ခာပြတ်လပ်မှုများဆက်လက်ဖြစ်ပေါ်လျက်ရှိသဖြင့် သေဆုံးသူဦးရေ ၆၁၀၀၀ ကျော်ရှိလာသည်ဟု ဂါဇာဒေသရှိ ဒေသခံအာဏာပိုင်များက ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက အစ္စရေးနှင့် ဟားမတ်စ်တို့အကြား စတင်ခဲ့သော ပဋိပက္ခဖြစ်ပွားမှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဒေသခံ ၈၇ ဦး သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၆၁၀၂၀ အထိရှိလာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ဩဂုတ် ၅ ရက်နေ့က ပြောကြားသည်။
ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကြောင့် ဩဂုတ်လ ၅ ရက်အထိ သေဆုံးသူ ၁၈၈ ဦးရှိရာ ၎င်းတို့အနက် တစ်ဝက်ခန့်သည် ကလေးငယ်များဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမတ်စ်တို့ကိုချေမှုန်းရန် ဂါဇာဒေသတွင် စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်ဆုံးဖြတ်ထားသည်ဟု သိရသည်။
ဂါဇာဒေသတွင် ထိန်းသိမ်းခံထားရသော အစ္စရေးဓားစာခံများအပေါ်သက်ရောက်မည့်အန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိသော်လည်း အစ္စရေးတပ်မတော်က ဆုံးဖြတ်ချက်ချပြီးသည်နှင့်အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း အစ္စရေးမီဒီယာက ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


