ရန်ကုန် ဩဂုတ် ၇

၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (B) ပထမနေ့ကို ဩဂုတ် ၇ရက်က ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းက ဩစတြေးလျအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

          မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေသော်လည်း နောက်တစ်ဆင့်တက်ရေး အပြိုင်ဖြစ်နေသည့် နှစ်သင်းအနက် ဩစတြေးလျကို အနိုင်ကစားနိုင်သဖြင့် ဆီမီးဖိုင်နယ်တက်ခွင့်ရရန် အခြေအနေကောင်းသွားခဲ့သည်။ ဩစတြေးလျအသင်းသည် ယခုပြိုင်ပွဲကို စီနီယာအသင်း မစေလွှတ်ဘဲ ယူ-၂၃ အသင်းဖြင့် လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

          မြန်မာအသင်းနည်းပြချုပ် ယုကီတက်ဆုရိုသည် မျိုးမြမြငြိမ်း (ဂိုး)၊ မေသက်မွန်မြင့်၊ နှင်းပွင့်အေး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ ဖြူဖွေး၊ ခင်မိုမိုထွန်း၊ရူပါခိုင်၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်း တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်အားပြုကစားခဲ့ပြီး ဂိုးသွင်းခွင့်များလည်း အပြန်အလှန်ရရှိခဲ့သည်။ ၃၂ မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှ ပြန်လျှံထွက်လာသော ဘောလုံးကို မေသက်မွန်မြင့်က အဝေးမှကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းအစတွင် မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ဩစတြေးလျဂိုးသမားအမှားမှ တစ်ဆင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ဩစတြေးလျအသင်းက ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းလာပြီး ၈၄ မိနစ်တွင် ဟိုလီက ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့သည်။ မြန်မာအသင်းသည် လက်ကျန်မိနစ်များတွင် အနိုင်ရလဒ်ထိန်းကစားပြီး အနိုင်သုံးမှတ်ရယူခဲ့သည်။

          ယခုပွဲအတွက် အကောင်းဆုံးဆုကို အဖွင့်ဂိုးသွင်းယူခဲ့သည့် မြန်မာအသင်းနောက်ခံလူ မေသက်မွန်မြင့်က ရရှိသည်။ မြန်မာအသင်းသည်အုပ်စု(B)တွင် လက်ရှိချန်ပီယံ ဖိလစ်ပိုင်၊ဩစတြေးလျ၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဩဂုတ် ၁၀ ရက်တွင် တီမောအသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MFF