ပွင့်ဖြူ ဩဂုတ် ၈

 

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

 

“ဒီနေ့က ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ဖြစ်တာကြောင့် ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ရဲ့ အထင်ကရ သာသနာ့သမိုင်းဝင်ဖြစ်တဲ့ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးမှာ ဒေသခံပြည်သူတွေနဲ့ ရပ်ဝေးရပ်နီးက ဘုရားဖူးလာရောက်ကြတဲ့ ပြည်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်။ ဘုရားဖူးပြည်သူတွေက ဘုရားကြီးကို ဦးခိုက်ဖူးမြော်ကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ကြတယ်။ ဘုရားကြီးအတွက် ဘက်စုံမွမ်းမံပြုပြင်နိုင်ရန် အလှူငွေထည့်ကြတယ်။ သက်ကြီးဘိုးဘွားတွေကတော့ ဘုရားကြီးကို ဦးခိုက်ဖူးမြော်ကြပြီး ဘုရားရင်ပြင်တော်မှာရှိတဲ့ နားနေပြဿဒ်ဆောင်တွေမှာ တရားဘာဝနာ ပွားများအားထုတ်ကြတယ်။ တစ်ချို့ဘုရားဖူးဧည့်သည်တွေကတော့ ဘုရားအနီးမှာရှိတဲ့ ငါးကန်မှာ ငါးစာ၊ လိပ်စာကျွေးမွေးပြီး ကုသိုလ်ကောင်းမှုပြုကြတယ်။ ဘုရားဖူးပြည်သူတွေကိုလည်း စိတ်အေးချမ်းစွာနဲ့ ဖူးမြော်နိုင်အောင် ဂေါပကအဖွဲ့က လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးပါတယ်”ဟု ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် စေတီတော်ကြီးဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ရဟန္တာ(၅၀၀)ခြံရံ၍ ခုနစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင် ဘုရားကြီးဖြစ်သည့်အတွက် ယခုလို နေ့ထူးနေ့မြတ်များတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များက စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြလေ့ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)