ဩဂုတ် ၈
တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုကြီးဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး အခြားငါးဦးပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။
ဂွမ်ဒေါင်ပြည်နယ်နေရာအများအပြားတွင် ယခုလအစောပိုင်းကစတင်ကာ မိုးများသည်းထန်စွာရွာသွန်းခဲ့ရာ စံချိန်တင် မိုးရေချိန် မီလီမီတာ ၇၀၀ ကျော်ရှိကြောင်းနှင့် ပြည်နယ်တစ်ဝန်းတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်ကဖြစ်ပွားခဲ့သောမြေပြိုမှုတွင် ဒေသခံ ၁၄ ဦး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် နှစ်ဦး သေဆုံးကြောင်း အတည်ပြုထားပြီး အခြားခုနစ်ဦးအားကယ်ဆယ်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ပျောက်ဆုံးနေသူငါးဦးအားရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ထိုဒေသရှိ နေအိမ်အများအပြားပြိုကျပျက်စီးခဲ့သည်။
လွန်ခဲ့သောလက ပေကျင်းမြို့တော်ဆင်ခြေဖုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၄၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


