ဂျကာတာ သြဂုတ် ၈
ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြားတွင် ကြီးထွားလာနေသောစိန်ခေါ်မှုများကို ရင်ဆိုင်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများအား စည်းလုံးညီညွတ်မှု အားကောင်းစေရန်နှင့် ကြိုတင်ပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က သြဂုတ် ၈ ရက်တွင် တိုက်တွန်းခဲ့သည်။
မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုသည် ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့်ကုန်ပစ္စည်း ရွေ့လျားမှုကို ဖန်တီးပုံဖော်လျက်ရှိသည်။ ကမ္ဘာ့စီးပွားရေးသည် အကွဲကွဲအပြားပြားဖြစ်နေပြီး စီးပွားရေးကို အဓိကအားဖြင့် တွန်းအားပေးသည့် ဆုံးဖြတ်ချက်များသည် ပထဝီနိုင်ငံရေးအရ ပို၍ပို၍ ရုပ်လုံးပေါ်လာသည်ဟု ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပသည့် (၅၈) နှစ်မြောက် အာဆီယံနေ့အခမ်းအနား ဗီဒီယိုမိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။
ယခုလိုအချိန်တွင် အာဆီယံစည်းလုံးညီညွတ်ရေးသည် ယခင်ကထက် ပိုအရေးကြီးသည်ဟု အန်ဝါက အလေးအနက်ပြောကြားခဲ့သည်။
အာဆီယံ၏ ပြတ်ပြတ်သားသား ပြောဆိုနိုင်မှု၊ ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်မှု၊ မျှဝေခံစားခွင့်များကို ကာကွယ်နိုင်မှုသည် လာမည့်နှစ်များတွင် အာဆီယံ၏ အလားအလာကို ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
အာဆီယံ၏အင်အားသည် ၎င်း၏ ပွင့်လင်းမြင်သာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီလိုသည့် အဖွဲ့ဝင် နိုင်ငံများ၏ လိုလားချက်ပေါ်တွင် တည်မှီနေကြောင်း အန်ဝါက မီးမောင်းထိုးပြခဲ့သည်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှသည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချသည်အထိ အကူးအပြောင်း ကာလများတွင် အာဆီယံသည် မိမိတို့၏ပြည်သူများကို ဖြစ်ပေါ်လာသော အခြေအနေများနှင့်ကိုက်ညီပြီး ကြီးပွားတိုးတက်အောင် ကူညီပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျွမ်းကျင်မှု၊ အခြေခံအဆောက်အအုံနှင့်အဖွဲ့ အစည်းဆိုင်ရာ စွမ်းရည်များတွင် ဆက်လက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ပြင်ဆင်ရေးနှင့်အားလုံး ပါဝင်နိုင်သော၊ ရေရှည်တည်တံ့သော၊ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစားနိုင်သော တိုးတက်ဖြစ်ထွန်းမှုများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


