မန္တလေး ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ မန္တလေးမြို့ပေါ် ခုနစ်မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၄၅၇၃၈ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီး အမှူးပြုသောသံဃာတော် ၄၅ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်္ကန်း၊ နဝကမ္မ ဝတ္ထုငွေများနှင့် ဆွမ်းဆန်တော်၊ ဆား၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကာ နေ့ဆွမ်းဆက်ကပ်ကြသည်။
ယနေ့ပြုလုပ်သောလှူဒါန်းမှု၌ မန္တလေးမြို့ပေါ် ခုနစ်မြို့နယ်ဖြစ်သော အောင်မြေသာစံ၊ ချမ်းအေး သာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်၊ ပုသိမ်ကြီး၊ အမရပူရတို့တွင် ဝါဆိုဝါကပ်တော် မူကြသည့် ရဟန်း၊ သာမဏေ ၄၀၄၀၅ ပါး၊ သီလရှင် ဆရာကြီး၊ ဆရာလေး ၅၃၃၃ ပါး စုစုပေါင်း ၄၅၇၃၈ ပါးတို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွမ်းဆန်တော် ၅၇၁၇ ဒသမ ၂၅ အိတ်၊ ဆီ ၁၁၄၃၄ ဒသမ ၅ ပိဿာ၊ ဆား ပိဿာ ၅၀၀၊ ကြက်သွန်နီ ၁၁၄၃၄ ဒသမ ၅ ပိဿာ၊ ကုလားပဲ ၁၁၄၃၄ ဒသမ ၅ ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၈၈၀၀ ကျော် တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


