(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ဆင်နွှဲရတော့မည့်ရက်မှာ နီးသည်ထက် နီးကပ်လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားတိုင်းက ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်၍ ထိုက်ထိုက်တန်တန်အနိုင်ယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြရေးအတွက် ယခုအချိန်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရမည့်အချိန် ဖြစ်သည်။
အားကစားသမားတစ်ဦးအဖို့ ဆုယူစင်မြင့်၏အမြင့်ဆုံးနေရာ တွင်ရပ်ကာ ရွှေတံဆိပ်ကို လက်ခံရယူပြီး မိမိတို့၏ နိုင်ငံတော်အလံကိုလည်း အမြင့်ဆုံးတွင် လွှင့်ထူခွင့်ရခြင်းက လွန်စွာကြီးမားလှသည့် ဂုဏ်ကျက်သရေပင်ဖြစ်သည်။ နိုင်ငံတကာပရိသတ် ဗိုလ်ပုံအလယ်တွင် ဝင့်ထည်တောက်ပနေမည့် ထိုအချိန်အခါသည် အောင်ပွဲရအားကစားသမားနှင့်အတူ မိခင်နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသား ပြည်သူတစ်ရပ်လုံး တစ်စိတ်တည်း တစ်ဝမ်းတည်း ဂုဏ်ယူကြရသည့် အချိန်အခါလည်းဖြစ်သည်။ သို့ဖြစ်ရာ ပြိုင်ပွဲဝင်သည့်အချိန်တွင် ခွန်အား သက်လုံ၊ ကျွမ်းကျင်မှု၊ လျင်မြန်မှုနှင့် စိတ်ခေတ်တို့ အမြင့်မားဆုံး အနေအထားတွင် ရောက်ရှိနေစေရေးအတွက် ပွဲမဝင်မီ လေ့ကျင့်ချိန်ကာလအတွင်း အားနည်းချက်တို့ကို ပြင်ဆင်၊ လိုအပ်ချက်တို့ကို ဖြည့်ဆည်းကာ အကောင်းဆုံး ကြိုတင်ပြင်ဆင် ထားကြရမည် ဖြစ်သည်။
လာမည့်ဒီဇင်ဘာလ ၉ ရက်မှ ၂ဝ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပွဲတော်တွင် အားကစားနည်း ၅၃ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၄၀ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အားကစားနည်း ၃၆ နည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၂၁၊ ငွေ ၂၅ နှင့် ကြေး ၆၈ ခု ဆွတ်ခူးနိုင်ခဲ့သည်။ အားကစား သမား ၃၄၁ ဦး၊ အုပ်ချုပ်/နည်းပြ ၁၀၄ ဦးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ရာ ယှဉ်ပြိုင်သူးအားကစားသမား အရေအတွက်နှင့် ဆုတံဆိပ်ရရှိမှု ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး မိမိတို့နိုင်ငံ၏ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း အမြင့်ဆုံး အောင်မြင်မှုအဖြစ် မှတ်တမ်းဝင်ထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးသည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအတွက် အကြိုပြင်ဆင်မှု တစ်ရပ်ပင်ဖြစ်ပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာခဲ့သည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အားကစားနည်း ၂၃ မျိုးအတွက် လူငယ်မျိုးဆက်သစ် အမျိုးသားအင်အား ၅၄၀ ကျော်၊ အမျိုးသမီးအင်အား ၃ဝဝ ကျော် စုစုပေါင်း မျိုးဆက်သစ်အင်အား ၈၄၀ ကျော် ရွေးချယ်ရရှိခဲ့ပြီး စံချိန်တင်နိုင်သူများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲအမျိုးအစား ၄၀ သည် ပြိုင်ခဲ့ဖူးသမျှတွင် အများဆုံးဖြစ်သကဲ့သို့ ပြိုင်ပွဲဝင်မည့် အားကစားသမားနှင့် အုပ်ချုပ်/နည်းပြ အရေအတွက်မှာလည်း အများဆုံးဖြစ်လာမည်ဖြစ်ရာ နိုင်ငံအတွက်လည်း အမြင့်ဆုံးဆုတံဆိပ်များ အများဆုံး ပြန်လည်သယ်ဆောင်လာမည်ဟု မျှော်လင့်မိသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများ ဆုတံဆိပ်ရရှိမှု တန်းစီဇယားတွင်လည်း ထိပ်ပိုင်းတစ်နေရာသို့ တက်လှမ်းလာနိုင်မည်ဟု ယုံကြည်မိသည်။
မြန်မာနိုင်ငံ၏ အားကစားသမိုင်းကြောင်းတွင် မြင့်မားသည့် အောင်မြင်မှုများရှိထားခဲ့ရာ မျိုးဆက်သစ်တို့၏ ခေတ်တွင်လည်း သမိုင်းသစ်ကို ရေးထိုးနိုင်ကြရန်လိုသည်။ မျက်မှောက်ကာလ ဆုကြေးစားအားကစားနှင့် E-sport တို့တွင် ကမ္ဘာ့အဆင့်အထိမြန်မာတို့ ထိုးဖောက်လာခဲ့ပြီဖြစ်ရာ ဇွဲ၊ သတ္တိ၊ အားမာန်အပြည့်ဖြင့် အောင်စိတ်ကို အမြင့်ဆုံးလွှင့်ထူ၍ အောင်ပွဲဆီ အရောက်လှမ်း ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း


