ရန်ကုန် ဩဂုတ် ၉
ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေ သည့် ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ် ပွဲ အုပ်စု(D)တွင် ပါဝင်နေသည့် မြန်မာ ယူ-၂၀ အမျိုးသမီး လူငယ် လက်ရွေးစင်အသင်း တို့သည် အုပ်စုပွဲများကို ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီတွင် တစ်ချိန်တည်း ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။
အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲဝင် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲ အောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု နောက်ဆုံးနေ့အဖြစ် ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်း၊ ည ၇ နာရီ တွင် အင်ဒိုနီးရှား အသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အုပ်စုဒုတိယနေ့အပြီးတွင် အိန္ဒိယအသင်းနှင့် မြန်မာအသင်းက လေးမှတ်စီ၊ အင်ဒိုနီးရှားအသင်းက နှစ်မှတ်ရရှိထားပြီး တာ့ခ်မင်နစ္စတန် အသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးဘဲ ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။ မြန်မာအသင်းသည် အိန္ဒိယအသင်းထက် ဂိုးကွာခြားချက်နည်းနေသဖြင့် နိုင်ပွဲရရှိရန်လိုအပ်နေပြီး သရေကျပါက အခြားအသင်းများ၏ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာနှင့် အိန္ဒိယအသင်း သရေကျပြီး အင်ဒိုနီးရှားအသင်းက တာ့ခ်မင်နစ္စတန်အသင်းကို အနိုင်ရပါက ငါးမှတ်သုံးသင်း ဖြစ်သွားမည်ဖြစ်ပြီး အုပ်စုအောက်ဆုံးမှ တာ့ခ်မင်နစ္စတန်နှင့် တွေ့ဆုံသည့်ရလဒ်ကို ပယ်ဖျက်ကာ သုံးသင်းထိပ်တိုက်တွေ့ဆုံမှုရလဒ်ဖြင့် ဆက်လက်ဆုံးဖြတ်မည်ဖြစ်သည်။ အိန္ဒိယနှင့် အင်ဒိုနီးရှားအသင်းက ဂိုးမရှိ သရေကျထားပြီး မြန်မာနှင့် အင်ဒိုနီးရှားအသင်းက နှစ်ဂိုးစီ သရေကျထားရာ မြန်မာအသင်းအနေဖြင့် သွင်းဂိုးရရှိပြီး သရေကျပါက အုပ်စုပထမနေရာရရှိပြီး ခြေစစ်ပွဲအောင်မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်မြန်မာအသင်းသည် အိန္ဒိယအသင်းကို မရှုံးအောင် ကစားရန် လိုအပ်ပြီး သရေကျပါကလည်း သွင်းဂိုးရရှိပြီး သရေကျရန် လိုအပ်နေသည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ခွင့်အတွက် အနိုင်ရလဒ် သို့မဟုတ် သွင်းဂိုးရရှိပြီး သရေကျရန် လိုအပ်နေသည်။ သို့သော် မြန်မာနှင့် အိန္ဒိယအသင်း သရေကျပြီး အင်ဒိုနီးရှားအသင်းက တာ့ခ်မင်နစ္စတန် အသင်းကို အနိုင်မကစားနိုင်လျှင် အိန္ဒိယအသင်းက အုပ်စုပထမရရှိသွားပြီး ခြေစစ်ပွဲ အောင်မြင်သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် တာ့ခ်မင်နစ္စတန်အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး အင်ဒိုနီးရှားအသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သည်။ အိန္ဒိယအသင်းမှာမူ အင်ဒိုနီးရှား အသင်းနှင့် ဂိုးမရှိသရေကျပြီး တာ့ခ်မင်နစ္စတန်အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရထားသည်။
အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် တီမောအသင်းနှင့် ကစားရမည်ဖြစ်သည်။ အသင်းနှစ်သင်းအနေအထားအရ မြန်မာအသင်းအနေဖြင့် နိုင်ပွဲဆက်ရန် သေချာသလောက်ရှိသော်လည်း သွင်းဂိုးအရေအတွက်သာ စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် တီမောအသင်းကို အနိုင်ကစားနိုင်သည့်အပြင် ဒုတိယပွဲကစားမည့် လက်ရှိချန်ပီယံဖိလစ်ပိုင်အသင်းမှာလည်း ဩစတြေးလျအသင်းကို အနိုင် ကစားနိုင်ပါက နှစ်သင်းစလုံး နောက်ဆုံးပွဲမတိုင်မီ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ဩစတြေးလျအသင်းသည် ဖိလစ်ပိုင်ကို သရေသို့မဟုတ် အနိုင်ကစားနိုင်ပါက နောက်တစ်ဆင့် တက်ရေး နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်ဖြစ်သည်။ အုပ်စုပထမပွဲတွင် မြန်မာအသင်းက ဩစတြေးလျအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဖိလစ်ပိုင်အသင်းက တီမောအသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရထားသည်။
သတင်း-မောင်စံကြီး၊ ဓာတ်ပုံ-စိုးညွန့်သော်


