မင်းဘူး ဩဂုတ် ၉

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၂၃၅၇ ဧကအထိစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဖူးစားပြောင်းများကို ၂၄၅၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ဖူးစားပြောင်း ၂၃၅၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဖူးစားပြောင်း ၂၄၅၅ ဧက စိုက်ပျိုးဖို့ လျာထားခဲ့ပါ တယ်။ ဒီနေ့အထိ ဖူးစားပြောင်း ၂၃၅၇ ဧက စိုက်ပျိုး ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဖူးစားပြောင်း စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေကို စိုက်ဧကများများ တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်း တိုးတက်ကောင်း မွန်စေဖို့၊ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးကြဖို့နဲ့ GAP နည်းစနစ်နဲ့ စိုက်ပျိုးကြဖို့ အသိပညာပေးတာတွေကို ကွင်းဆင်းဆောင်ရွက်ပေးတဲ့အပြင် စိုက်ပျို ပြီးတဲ့ပြောင်းစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကင်းရှင်းစေဖို့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်ဟု မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက ပြောသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်း မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန က စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲများနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်နှိမ်နင်း ရေး နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)