ရန်ကုန် ဩဂုတ် ၁၀
မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ ထုတ်ကုန်များနှင့် စားသောက် ကုန်များကို ခင်းကျင်းပြသ ရောင်းချသည့် ဂုဏ်ယူဖွယ်ရာ မြန်မာ့ထုတ်ကုန်ပြပွဲနှင့် စီးပွား ရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်မြို့ ကျောက် တံတားမြို့နယ် ဆူးလေဘုရား လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ERAVATI Hotel ၌ ကျင်းပသည်။
အဆိုပါပြပွဲတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ နိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့မှ အသင်းဝင်များ၏ ပြည်တွင်းထုတ်ကုန်များ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူလုပ်ငန်းရှင်များအသင်း၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနိုင်ငံသံရုံးတို့မှ မိမိတို့နိုင်ငံ၏ လက်မှုအနုပညာထုတ်ကုန်များကို ပူးပေါင်းပါဝင် ပြသသည်။
မြန်မာတို့၏ချည်ထည်အဝတ်များ၊ မြန်မာ့ရက်ကန်းအထည်များ၊ ရိုးရာဝတ်စုံများ၊ လက်ဝတ်ရတနာများ၊ ကျောက်မျက်များ၊ ကြိမ်ထည်များ၊ ပရိဘောဂများ၊ သစ်သားပန်းပုရုပ်တုများ၊ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့ရိုးရာသနပ်ခါးများ၊ မြန်မာ့စားသောက်ကုန်များကို ခင်းကျင်းပြသရာ ပြပွဲလာပရိသတ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာဝယ်ယူကြသည်။
ပြပွဲကို STP ကုမ္ပဏီက ကြီးမှူးပြီး ကုမ္ပဏီပေါင်း ၄၀ ကျော်က ပြခန်းပေါင်း ၆၀ ကျော်ဖြင့်ပါဝင် ပြသကြသည်။ ပြပွဲကို ဩဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီခွဲအထိပြသခဲ့ပြီး ဩဂုတ် ၁၁ ရက်တွင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသူရ


