ရန်ကုန်  ဩဂုတ်  ၁၀

၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) ဒုတိယနေ့ကို ဩဂုတ် ၁၀ ရက်က ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နှစ်ပွဲဆက် အနိုင်ရခဲ့သည်။

အုပ်စု (ခ) ဒုတိယနေ့တွင်  မြန်မာအသင်းက  တီမောအသင်းကို သုံးဂိုးပြတ်၊ ဩစတြေးလျအသင်းက လက်ရှိချန်ပီယံ ဖိလစ်ပိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိသည်။   မြန်မာ့လက်ရွေးစင်   အမျိုးသမီးအသင်းသည်   ဝါရင့်တိုက်စစ်မှူး  ဝင်းသိင်္ဂီထွန်း၏   ဟက်ထရစ်ဖြင့် တီမောအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် နှစ်ပွဲဆက်အနိုင်ရလဒ်ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေကောင်းသွားသော်လည်း  ဖိလစ်ပိုင်အသင်း၏   ရှုံးပွဲကြောင့် နောက်ဆုံး ပွဲတွင် အနိမ့်ဆုံးသရေကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်  ယုကီတက်ဆုရိုသည်  အမာခံ ကစားသမား အများစုကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။      မြန်မာအသင်းသည်  ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသော်လည်း တီမောအသင်း၏ ခံစစ်ကစားပုံကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှ ဂိုးစတင် ရရှိခဲ့သည်။

မြန်မာအသင်းအတွက်    အဖွင့်ဂိုးကို ဝင်းသိင်္ဂီထွန်းက ၄၂ မိနစ်တွင် သွင်းယူပြီး ပထမပိုင်းအပြီးတွင်       တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ဂိုးထပ်မံရရှိရန် ကြိုးပမ်း လာပြီး ဝင်းသိင်္ဂီထွန်းက ၅၅၊ ၆၂ မိနစ်တွင်  နှစ်ဂိုးထပ်သွင်းကာ ဟက်ထရစ်ရရှိခဲ့သည်။ ဟက်ထရစ် သွင်းယူသည့်   ဝင်းသိင်္ဂီထွန်းသည်  ယခုပွဲ၏ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။

အုပ်စု (ခ) အခြားပွဲတွင် အနိုင်ရခဲ့သည်။ နှစ်ပွဲစီကစားအပြီးတွင်    မြန်မာအသင်းက ခြောက်မှတ်ဖြင့်  ဦးဆောင်နေပြီး  ဖိလစ်ပိုင်အသင်းနှင့်  ဩစတြေးလျအသင်းတို့က သုံးမှတ်စီရရှိထားကာ    တီမော အသင်းမှာမူ နှစ်ပွဲစလုံးရှုံးပြီး  အမှတ်မရသေးပေ။  အုပ်စု နောက်ဆုံးနေ့ကို   ဩဂုတ်  ၁၃   ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊  ဩစတြေးလျအသင်းနှင့်   တီမောအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု (က) တွင် ထိုင်းအသင်းနှင့် ဗီယက်နမ် အသင်း တို့က နှစ်ပွဲစီကစားအပြီးတွင်   ခြောက်မှတ်စီရရှိပြီး  ဆီမီးဖိုင်နယ်  တက်ရောက်သွားပြီဖြစ်သည်။

ညီမြတ်သော်တာ၊ ဓာတ်ပုံ-VFF