၂၀၂၅-၂၀၂၆ရာသီ ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၉ ရက် ညနေ ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့် ချာလ်တန်နှင့် ဝက်ဖို့ဒ်အသင်းပွဲစဉ်တွင် ချာလ်တန်အသင်းက ပွဲကစားချိန် ပြည့်ခါနီးတွင် ရရှိခဲ့သော နစ်ဘ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲ ရရှိခဲ့သည်။
အဆိုပါပွဲစဉ်မှာ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး နောက်ဆုံးမိနစ်အပိုင်းအခြားအထိ ပြိုင်ဆိုင်မှုပြင်းထန်ကာ အကြိတ်အနယ်ရှိခဲ့သည်။
ချာလ်တန်အသင်းသည် လိဂ်ဝမ်းမှ တန်းတက်လာသည့် အသင်းဖြစ်ပြီး ဝက်ဖို့ဒ်အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားကာ အရေးပါသည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။
ချာလ်တန်အသင်းသည် ပွဲအစပိုင်းကတည်းက ဝက်ဖို့ဒ်အသင်းကို ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ ဝက်ဖို့ဒ်အသင်း ဂိုးသမားဆဲလ်ဗစ်သည် ချာလ်တန် အသင်းကစားသမားများ၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ချာလ်တန်အသင်းသည် ဝက်ဖို့ဒ်အသင်းထက် ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့သော်လည်း ဂိုးရရှိနိုင်သည့် အခွင့်အရေးပိုမိုဖန်တီးနိုင်ခဲ့သည်။
ချာလ်တန်အသင်းသည် ချန်ပီယံရှစ်သို့ တန်းတက်လာပြီးနောက် ပထမဆုံးပွဲတွင်ပင် အဖိုးတန်နိုင်ပွဲကို ရယူနိုင်ခဲ့သော ကြောင့် အသင်းပရိသတ်များအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့သည်။ ပြိုင်ဘက်ဝက်ဖို့ဒ်အသင်းက နည်းပြသစ်ပေါ်လိုရဲ့ ပထမဆုံးပွဲစဉ်တွင် စိတ်ပျက်ဖွယ်ရာ ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချာလ်တန်အသင်းနှင့်အတူ ဆောက်သမ်တန်၊ မစ်ဒယ်ဘရော့၊ မီဝေါ၊ ပို့စ်မောက်၊ စတုတ်၊ ဘရစ္စတိုးလ်၊ ဝက်စ်ဘရွန်းအသင်းတို့ နိုင်ပွဲအသီးသီးရရှိခဲ့သည်။
အောင်ဇော်


