ဗြိတိန်နာမည်ကျော်တင်းနစ်မယ် အမ်မာရာဒူကာနူသည် ဩဂုတ် ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စင်စင်နတီအိုးပင်း ပြိုင်ပွဲ ၆၄ ဦးအဆင့်တွင် ဆားဘီးယားတင်းနစ်မယ် ဒန်နီးလ်လိုဗစ်ကို ၆-၃၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဒန်နီးလ်လိုဗစ်သည် အဆိုပါပြိုင်ပွဲ ၁၂၈ ဦးအဆင့်တွင် ဗြိတိန်တင်းနစ်မယ် ဘော်လ်တာကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော်လည်း ၆၄ ဦးအဆင့်တွင် ရာဒူကာနူကို ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ထွက်ရပြီဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ရာဒူကာနူသည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ကနေဒါအိုးပင်း ပြိုင်ပွဲတွင် ၃၂ ဦး အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။ ရာဒူကာနူသည် စင်စင်နတီအိုးပင်းပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာနှင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။
ဆာဘယ်လင်ကာသည် ၆၄ ဦးအဆင့်တွင် ချက်ဇ်တင်းနစ်မယ် မာကီတာဗွန်ဒရိုဆိုဗာကို ၇-၅၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၃၂ ဦးအဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။
ရာဒူကာနူနှင့်အတူ စင်စင်နတီအိုးပင်းပြိုင်ပွဲ ၃၂ ဦးအဆင့်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ရွိုင်ဘာကီနာ၊ တောင်းဆန့်၊ ကီးစ်၊ မာတင်စ်၊ အဲလက်ဇန်ဒရိုဗာတို့ တက်လှမ်းနိုင်ခဲ့သည်။
မိုးဇက်-စုစည်းရေးသားသည်


