ပြင်ဦးလွင် ၁၃ မတ်
ကျေးလက်နှင့်မြို့ပြကွာဟမှု မရှိစေရေး ၊ ကျေးရွာနေပြည်သူများ လူနေမှုအဆင့်မြှင့်မားစေရန် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့ နယ် ၊ ပိန္နဲကုန်း (တောင်) ကျေးရွာ ၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင် /မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ စာရေးဆရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ပိန္နဲကုန်း (တောင်)၊ ပိန္နဲကုန်း(မြောက်)၊ အင်းကြီးကျေးရွာများမှ တောင်သူများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည် ။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးမည့်ပုဂ္ဂိုလ်များက ပြည်သူ့စကားဝိုင်းနှင့် ပတ်သတ်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည် ။
စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိတို့ကျေးရွာမှာ ကိုယ်ထူကိုယ်ထလမ်းဖောက်နေမှုအပေါ် ဖြည့်စွက်ပူးပေါင်းဆောင်ရွက်အဆင့်မြှင့်တင်ပေးနိုင်ရေး၊ကျေးလက်မီးလင်းရေးဆိုင်ရာ ကိစ္စရပ်များ ၊ မိမိတို့ကျေးရွာတိုင်းမှာ ကုန်ထုတ်လုပ်ငန်းအဆင်ပြေစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများကောင်းမွန်ရေး ၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကိစ္စရပ်များ ရှင်းလင်းဆောင်ရွက်ရန်၊ မြစိမ်းရောင်စီမံကိန်း ချေးငွေထုတ်ပေးနိုင်ရေးနှင့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး စသည့် မိမိတို့ကျေးရွာများတွင် လိုအပ်သည့် ကဏ္ဍများအလိုက် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပြန်လည်ဖြေကြားခဲ့၍ ဖိတ်ကြားထားသူများနှင့် စိတ်ဝင်စားသူပြည်သူများ၊ တက်ရောက်လေ့လာ ဆွေးနွေးသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )


