မှော်ဘီ ဩဂုတ်လ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြစိမ်းရောင်‌‌ကျေးရွာစီမံကိန်း အတိုးရငွေ၏ ၅၀ရာခိုင်နှုန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော အင်းတန်ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၁၂ ရက်နံနက်ပိုင်း က  ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည်  အင်းတန်ကျေးရွာရှိ အရှည် ပေ ၅၀၀၊ အကျယ်  ၉ပေ၊ ဒုထည်  ၆လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း  ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး   ဖွံ့ဖြိုးရေးကော်မတီဝင်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်နှင့် လအလိုက်ဖြည့်သွင်းရမည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အင်းတန်ကျေးရွာ၌ အဆိုပါ  ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မြစိမ်းရောင်‌‌ကျေးရွာ စီမံကိန်းအတိုးရငွေကျပ် သိန်း(၂၁၀)၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း(၅၀)၊ စုစုပေါင်းရန်ပုံငွေကျပ် သိန်း (၂၆၀)ကို အသုံးပြုပြီး ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဝန်ထမ်းများ၏ နည်းပညာကူညီပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာပြည်သူကိုယ်တိုင် ၂၀၂၅ခုနှစ် သြဂုတ်လ ပထမအပတ်မှ  စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ၏ (၅၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ချိုသန်းညွန့် (ကျေးလက်)