ဩဂုတ် ၁၂

 

ပီရူးနိုင်ငံတောင်ပိုင်း ပူနိုဒေသ ဆန်ဒီရာပြည်နယ်တွင် မီတာ ၂၀၀ ခန့်ရှိလျှိုမြောင်တစ်ခုအတွင်းသို့ ခရီးသည်တင်ဘတ်စ်ကားတစ်စီးထိုးကျမှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

 

အဆိုပါဘတ်စ်ကားသည် ဂျူလီရာကာမြို့မှ ဆန်ပီဒရိုဒီပူတီနာပန်ကိုခရိုင်သို့ မောင်းနှင်နေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဒေသခံရဲတပ်ဖွဲ့က ထိုဘတ်စ်ကားအတွင်းပိတ်မိနေသောခရီးသည် ၃၇ ဦးကို ကယ်ဆယ်ခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ပီရူးနိုင်ငံတွင် ယာဉ်မတော်တဆမှုများမှာ အဖြစ်များပြီး လမ်းနှင့် မော်တော်ယာဉ် အခြေအနေများ ညံ့ဖျင်းခြင်းအပြင် လိုင်စင်မဲ့နှင့် အရက်မူးပြီး ကားမောင်းခြင်းကဲ့သို့ အန္တရာယ်ရှိသော အလေ့အထများ ကြောင့်ဖြစ်သည်။

 

နိုင်ငံအတွင်း လိုင်စင်မဲ့မောင်းနှင်ခြင်း၊ အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ ယာဉ်များ၊ လမ်းများကောင်းမွန်မှုမရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို