နေပြည်တော် ဩဂုတ် ၁၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်(၁) ရာဇသင်္ဂဟလမ်းမကြီးရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဧည့်သည် လက်ခံ၍ ဝန်ဆောင်မှု ပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း၍ မြင်ကွင်းပသာဒ ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ဟိုတယ်အခန်းများအတွင်း ဧည့်သည် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံအောင်စီစဉ်ထားရှိရန်၊ အရေးပေါ်ထွက်ပေါက်ပြ သတိပေး ဖော်ပြချက်များ မြင်သာသည့် နေရာတွင်ထားရှိရန်၊ ဧည့်သည်များအား အရည်အသွေးကောင်းသော ဝန်ဆောင်မှုပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ဟိုတယ်များ ပြန်လည်တည်ဆောက်ပြုပြင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး ဟိုတယ်ဝင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ် တပ်ဆင်သုံးစွဲနိုင်ရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ သည်။
သတင်းစဉ်


