ရန်ကုန် ဩဂုတ် ၁၂
ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးနေ့ကို ဩဂုတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လက်ရှိ ချန်ပီယံ ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အုပ်စုနောက်ဆုံးနေ့ကို မြန်မာစံတော်ချိန် ည ၇ နာရီတွင် တစ်ချိန်တည်း ကစားမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ ဩစတြေးလျအသင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အုပ်စုပွဲ နှစ်ပွဲစီကစားအပြီးတွင် မြန်မာအသင်းက ခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး ဩစတြေးလျအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့က သုံးမှတ်စီ၊ တီမောအသင်းက အမှတ်မရသေးပေ။ ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စုတွင်း ရမှတ်တူပါက Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးများသွားခဲ့သည်။ မြန်မာအသင်းသည် အနိုင် သို့မဟုတ် သရေကျပါက အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ခွင့်ရမည်ဖြစ်ပြီး အရေးနိမ့်လျှင် လည်း တစ်ဂိုးအကွာဖြင့် ရှုံးနိမ့်ပါက နောက်တစ်ဆင့်တက်ခွင့်ရမည်ဖြစ်သလို နှစ်ဂိုးနှင့်အထက် ဂိုးပြတ်ရှုံးနိမ့်မှသာ အုပ်စုအဆင့်မှ ထွက်ရမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပြသနေသည့် ကစားပုံနှင့် စွမ်းဆောင်ရည်ကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် အခွင့်အရေးများနေသည်။
အုပ်စု(က)ပွဲစဉ်များမှာ ဩဂုတ် ၁၂ ရက်က ပြီးဆုံးခဲ့ပြီး အိမ်ရှင် ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်ထားပြီးဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ် ၁၆ ရက်၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဩဂုတ် ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။
သတင်း - ထွဏ်းသွေးအိမ်
ဓာတ်ပုံ - MFF


