ရန်ကုန် ဩဂုတ် ၁၂
၂၀၂၅ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅) ဒုတိယနေ့ကို ဩဂုတ် ၁၂ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် Junior Lions အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရာမညယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ပြီးခဲ့သည့်ပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့သည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ယခုတစ်ပတ်တွင် နိုင်ပွဲပြန်ရှာတွေ့ခဲ့ပြီး အမှတ်ပြည့်ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၁၄ မိနစ်တွင် ချစ်ထူးနိုင်၊ ၅၅ မိနစ်တွင် ကောင်းမြတ်ကျော်နှင့် ၆၃ မိနစ်တွင် ကောင်းခန့်ဟိန်းတို့က သွင်းယူသည်။ ၁၅ ပွဲစီကစားအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၃၀၊ ရာမညယူနိုက်တက်အသင်းက ၁၉ မှတ်ရရှိထားသည်။
ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် Junior Lions အသင်းက မဟာယူနိုက်တက်အသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ Junior Lions အသင်းသည် ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ၂၂ မိနစ်နှင့် မိနစ် ၄၀ တွင် ခန့်ဝင်းအောင်၊ ၆၆ မိနစ်နှင့် ၆၈ မိနစ်တွင် ကျော်ညီညီ၊ ၈၆ မိနစ်တွင် စိုင်းဇေယျာကျော်တို့က သွင်းယူသည်။ ၁၅ ပွဲစီကစားအပြီးတွင် Junior Lions အသင်းက ၂၄ မှတ်၊ မဟာယူနိုက်တက်အသင်းက ငါးမှတ်ရရှိထားသည်။
ပွဲစဉ်(၁၅) တတိယနေ့ကို ဩဂုတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒုမ္မာကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် Dagon Port အသင်း၊ YUSC ကွင်း၌ ဟံသာ၀တီယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-မောင်စံကြီး၊ ဓာတ်ပုံ-MNL


