ဩဂုတ် ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စင်စင်နတီအိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦး အဆင့်တွင် ကာဇက်စတန်တင်းနစ်မယ် အီလန်နာရွိုင်ဘာကီနာက ဘယ်လ်ဂျီယံတင်းနစ်မယ် အီလစ်မာတင်စ်ကို အကြိတ်အနယ်ကစားကာ ၄-၆၊ ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ရွိုင်ဘာကီနာ(ယာပုံ)သည် အဆိုပါပြိုင်ပွဲ ၆၄ ဦးအဆင့်တွင်လည်း ပြိုင်ဘက် အီတလီတင်းနစ်မယ် ရေနာတာဇာရာဇူအာကို အကြိတ်အနယ်ကစားခဲ့ရပြီး ၄-၆၊ ၆-၀၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၃၂ ဦးအဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။ ၎င်းသည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ဝါရှင်တန်အိုးပင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်သူဖြစ်သည်။
ရွိုင်ဘာကီနာသည် စင်စင်နတီအိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် အမေရိကန်ထိပ်တန်းတင်းနစ်မယ် တစ်ဦးဖြစ်သည့် မက်ဒီဆင်ကီးစ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မက်ဒီဆင်ကီးစ်သည် ၃၂ ဦး အဆင့်တွင် ဂျပန်တင်းနစ်မယ် အီတိုနှင့် တွေ့ဆုံခဲ့ပြီး ၆-၄၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦး အဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။
ရွိုင်ဘာကီနာနှင့်အတူ စင်စင်နတီအိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် အဲလက်စ်ဇန်ဒရိုဗာ၊ ဆာဘယ်လင်ကာ၊ ဆွီယာတက်ခ်တို့ တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်


