ရန်ကုန် ဩဂုတ် ၁၃
၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲအုပ်စု (ခ) နောက်ဆုံးနေ့ကို ဩဂုတ် ၁၃ ရက်က ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။
အုပ်စု(ခ) နောက်ဆုံးနေ့တွင် မြန်မာအသင်းနှင့် လက်ရှိချန်ပီယံ ဖိလစ်ပိုင်အသင်း တစ်ဂိုးစီ သရေကျပြီး ဩစတြေးလျအသင်းက တီမောအသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် လက်ရှိချန်ပီယံ ဖိလစ်ပိုင်အသင်းကို သရေကစားကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်အသင်းမှာမူ အုပ်စုအဆင့်မှထွက်ခဲ့ရကာ ချန်ပီယံဘွဲ့ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။
မြန်မာအသင်းသည် နှစ်ပွဲဆက် အနိုင်ရထားသော်လည်း ယခုပွဲရလဒ်မှာ ဆီမီးဖိုင်နယ်တက်ရောက် ရေးအတွက် အရေးပါနေသဖြင့် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း အပါအဝင် ဖြူဖြူဝင်း၊ စန်းသော်သော်၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ ခင်မိုမိုထွန်းတို့ဖြင့် လူစုံအသုံးပြုခဲ့သည်။ မဖြစ်မနေ အနိုင်ရရန်လိုအပ်နေသည့် ဖိလစ်ပိုင်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစား သော်လည်း မြန်မာအသင်း ခံစစ်ထိန်းချုပ်နိုင်ခဲ့ပြီး ၁၀ မိနစ်နောက်ပိုင်းတွင် အပြန်အလှန် ဖိကစားနိုင်ခဲ့သည်။ ၃၂ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဝင်းသိင်္ဂီထွန်း ထိုးဖောက် မှုကို ဖိလစ်ပိုင်ဂိုးသမား ခပ်ကြမ်းကြမ်းဖျက်ထုတ်သဖြင့် ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဝင်းသိင်္ဂီထွန်းကပင် အမှားအယွင်းမရှိ ကန်သွင်းခဲ့သဖြင့် မြန်မာအသင်း ဂိုးရခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရန် ကြိုးပမ်းလာပြီး ၇၁ မိနစ်တွင် မြန်မာအသင်း ခံစစ်ဖျက်ထုတ်ပုံ မသေသပ်မှုကို အခွင့်ကောင်းယူကာ နီနာက ချေပဂိုးပြန်သွင်းခဲ့သည်။
အုပ်စုပွဲစဉ်များ အပြီးတွင် အုပ်စု(က)၌ အိမ်ရှင် ဗီယက်နမ်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ထိုင်းအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(ခ)၌ မြန်မာအသင်းက ခုနစ်မှတ်ဖြင့် အုပ်စု ပထမ၊ ဩစတြေးလျအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ် ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ထိုင်း၊ အိမ်ရှင် ဗီယက်နမ်အသင်းနှင့် ဩစတြေးလျအသင်းတို့ တွေ့ဆုံနေသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


