ရန်ကုန်    ဩဂုတ်    ၁၃

ဂျပန်နိုင်ငံက နှစ်စဉ်ကျင်းပနေသည့်  ဂျပန်ဖိတ်ခေါ်  ယူ-၁၂  Junior Soccer World Challenge 2025 ပြိုင်ပွဲတွင်   မြန်မာယူ-၁၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲကို  ဩဂုတ် ၁၉ ရက်မှ  ၂၁ ရက်အထိ  ဂျပန်နိုင်ငံ ချီဘားရှိ ဖူကူဒါဒန်ရှီကွင်း၌ ကျင်းပမည်ဖြစ်ပြီး  ဥရောပ နာမည်ကျော်ကလပ် ဘာစီလိုနာမှ ယူ-၁၂ အသင်းနှင့်  ဖိတ်ကြားခံရသောအသင်းများ၊ ဂျပန်အခြေစိုက်အသင်းများ အပါအဝင်အသင်း စုစုပေါင်း ၄၀ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။  ပြိုင်ပွဲကို  အုပ်စုရှစ်ခုခွဲထားပြီး  အုပ်စုတစ်ခုလျှင် အသင်း ငါးသင်း ပါဝင်မည်ဖြစ်သည်။

မြန်မာ ယူ-၁၂ အသင်းသည် အုပ်စု(D)တွင် ဂျပန်ကလပ်  လူငယ်အသင်းများဖြစ်သော    ဗီဂယ်တာ ဆန်ဒိုင်းအသင်း၊ တိုကျိုဗာဒီအသင်း၊ အီကိုနိုမီသတ်အသင်း၊ ရှိနန်ဘယ်မယ်အသင်းတို့နှင့် ကျရောက်နေသည်။ ပြိုင်ပွဲအစီအစဉ်အရ မြန်မာယူ-၁၂ အသင်း အပါအဝင် ပြိုင်ပွဲဝင်အသင်းများကို ပြိုင်ပွဲအပြီးတွင် ဂျပန်နိုင်ငံ၏ အထင်ကရနေရာများသို့ သွားရောက် လေ့လာခြင်း၊ ဂျေလိဂ်ဘောလုံးပြိုင်ပွဲ ကြည့်ရှုခြင်းတို့ကို  စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်းကို ပြီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ကစားသမားများ၊ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)နှင့်  မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)တို့မှ ကစားသမား ၁၈ ဦးဖြင့် ဖွဲ့စည်းထားပြီး အသင်းအုပ်ချုပ်သူအဖြစ် ဦးထွန်းအောင်ကျော်၊   အသင်းနည်းပြချုပ်အဖြစ် ဦးတင်မောင်ဝင်းတို့က ဆောင်ရွက်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိစေရန် ၂၀၂၃ ခုနှစ်မှစတင်ကာ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်တွင် တတိယအကြိမ် ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း-မောင်စံကြီး

ဓာတ်ပုံ-MFF