ငဖဲ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးမြေပဲ ၆၇၇ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့အထိ ၆၅၁ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်း မိုးမြေပဲကို ဇွန်လမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မကွေး-၁၆ မျိုး ၃၆၉ ဧက၊ တွန်တာနီ ၂၈၁ ဧကနှင့် ဗီယက်နမ် တစ်ဧက စုစုပေါင်း ၆၅၁ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိသည်။ မြေပဲစိုက်တောင်သူများအား အထွက်နှုန်းကောင်းပြီး အပင်ပေါက် ၈၀ ရာခိုင်နှုန်း အထက်ရှိသောမျိုးများကို ရွေးချယ်၍ တိုးချဲ့စိုက်ပျိုးရန်နှင့် သွင်းအားစုများ စနစ်တကျ ထည့်သွင်းစိုက်ပျိုးရန်၊ ပေါင်းသတ်ဆေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို တောင်သူအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့အနက်မှ ပန်းတိုင်အထွက်နှုန်းရရှိရေး ၃၂၅ ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သိန်းက ပြောသည်။
ယခင်နှစ်က မိုးမြေပဲကို ၆၇၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၅၇ ဒသမ ၅၈ တင်း ခန့် ထွက်ရှိကြောင်းနှင့် ငဖဲမြို့နယ်အပြင် အခြားဒေသများ၌ ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးဆီ ဖူလုံစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


