မန္တလေး ဩဂုတ် ၁၄

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UM FCCI)ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း နှင့်အဖွဲ့အား ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးဆန်းလင်းက ဂျပန်နိုင်ငံ အခြေစိုက် AEON Co.,Ltd. က ငလျင်ဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးအတွက် ကူညီလှူဒါန်းထားသည့် ငွေများထဲမှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများနှင့် ဘာသာရေးအဆောက်အအုံများ အနက်ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက် လှူဒါန်းရန် လျာထား ရွေးချယ်ထားမှု အခြေအနေကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ရိမ်းဘိုး ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး မိသားစုကမန္တလေးတိုင်းဒေသကြီး အတွင်းရှိ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ဆိုင်ကယ်လှည့်ကင်း ရဲတပ်ဖွဲ့များအတွက် ဆိုင်ကယ်စီး ဦးထုပ်များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက် လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

 

ယင်းလှူဒါန်းမှုတွင် ငွေကျပ် သိန်း ၄၅၀ တန်ဖိုးရှိ ဆိုင်ကယ်စီး ဦးထုပ် အလုံးရေ ၃၀၀ လှူဒါန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဆိုင်ကယ် လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များထံသို့ စနစ်တကျ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)