ခါတွန်    သြဂုတ်    ၁၄

ဆူဒန်နိုင်ငံအနောက်ပိုင်း  ဒါဖာဒေသတွင်   လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားသူ  ၂၃၀၀   ကျော်နှင့်  သေဆုံးသူ    ၄၀    ကျော်ရှိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Medecins    Sans  Frontieres- MSF)  က   သြဂုတ်  ၁၄  ရက်တွင်  ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ပွဲကြောင့် ဆင်းရဲဒုက္ခဖြစ်နေသည့် ဆူဒန်ပြည်သူများသည် ယခုအခါ  နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး  အဆိုးရွားဆုံး ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရသည်ဟု MSF က    ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သြဂုတ်  ၁၃  ရက်တွင် ထုတ်ပြန်လိုက်သည့် ဆူဒန်ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ပြည်နယ်အားလုံးရှိ ဒေသပေါင်း ၁၃၂ ခုတွင် သေဆုံးသူ ၂၄၇၅ ဦး အပါအဝင် ကာလဝမ်းရောဂါ ဖြစ်ပွားသူ   ၉၉၇၅၆   ဦးအထိ ရှိကြောင်း သိရသည်။

ကာလဝမ်းရောဂါသည် ဒေသအတွင်း  ရွှေ့ပြောင်းနေထိုင်ရာ နေရာများအထူးသဖြင့် တာဝီလနှင့် ဂိုလိုတို့တွင် ကျယ်ကျယ် ပြန့်ပြန့်ပျံ့နှံ့နေပြီး အဆိုပါဒေသများတွင် ရေသန့်နှင့် သန့်ရှင်းရေးဝန်ဆောင်မှုများ ဆိုးရွားစွာပြတ်တောက်နေကြောင်း MSF က ပြောကြားခဲ့သည်။

တိုက်ပွဲ   ဖြစ်ပွားမှုကြောင့် ထွက်ပြေးနေကြရသည်နှင့်အမျှ ကာလဝမ်းရောဂါသည် ဆူဒန်နိုင်ငံတွင်    ပိုမိုပျံ့နှံ့ဖြစ်ပွားလာရုံသာမက အိမ်နီးချင်း ချဒ်နှင့် တောင်ဆူဒန်တို့သို့လည်း ပျံ့နှံ့ဖြစ်ပွားလာသည်။

အခြေအနေက အရေးကြီးသည်ထက် ကျော်လွန်နေသည်ဟု ဆူဒန်နိုင်ငံရှိ MSF ၏  မစ်ရှင်အဖွဲ့ အကြီးအကဲ  တူနာတာ့ခ် မင်းန်က ထုတ်ပြန်ချက်တွင်  ကိုးကား၍ ပြောကြားထားသည်။

တာ့ခ်မင်သည်  ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ ရေနှင့် သန့်ရှင်းရေးဝန်ဆောင်မှုများ မြှင့်တင်ရန်နှင့်  ကာလဝမ်းရောဂါဖြစ်ပွားသောဒေသများတွင်  ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုများကို စတင်ရန်     နိုင်ငံတကာအရေးပေါ်တုံ့ပြန်မှုကို တောင်းဆိုခဲ့သည်။

စစ်ပွဲမှ လွတ်မြောက်လာသူများသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြင့် မသေဆုံးစေရဟု တာ့ခ်မင်က ပြောကြားခဲ့သည်။

ဆင်ဟွာ