သြဂုတ်လ ၁၅ရက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ)ခွင့်ပြုရန်ပုံငွေဖြင့်   စဉ့်ဝင်ကျေးရွာအုပ်စု၊ မောက်မယ်-ရွာသစ် ကျေးရွာလမ်းအား  ကျောက်ချောလမ်းအဖြစ်  အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လင်းခေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည်  မောက်မယ်-ရွာသစ် ကျေးရွာသွားလမ်း အရှည်  ၃ ဖာလုံ၊ အကျယ် ၁၆ပေ၊ ဒု ၁၄ လက်မရှိ  ကျောက်ချာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မောက်မယ် မြို့နယ်တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ)မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ  တာဝန်ရှိသူများက  လုပ်ငန်းများကို  သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသောလမ်းဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

အဆိုပါ မောက်မယ်-ရွာသစ် ကျေးရွာလမ်းကို ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  ပြည်နယ် (မူလ)  ခွင့်ပြုရန်ပုံငွေကျပ် ၁၁၀ ဒဿမ ၈၅ သန်းဖြင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  Subgrade Layer ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးပါက  ကျေးရွာ(၃)ရွာရှိ အိမ်ခြေ (၂၂၀)၊ လူဦးရေ (၁၁၆၇)ဦးတို့၏ စိုက်ဧက ၁၃၀၀ ကို အကျိုးပြုမည်ဖြစ်ကြောင်း မောက်မယ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မောင်ခိုင်