နေပြည်တော် ဩဂုတ် ၁၄

 

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သက္ကယ်ချင်းကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေများအတွင်း ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် အလျင်လိုကျေးရွာသို့ ရောက်ရှိပြီး တောင်သူများ၏ ထိုင်းနှံကောက် စပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကာ စပါးစိုက်တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ မှန်ကန်အောင် ဆောင်ရွက်နိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်ထွက်ရှိနိုင်ရေး၊ မိုးစပါးစိုက်ခင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျတူးဖော် ဆောင်ရွက်ထားရှိရေး၊ စိုက်ကွင်းများတွင် ပေါင်းမြက်များ အချိန်မီရှင်းလင်းနိုင်ရေးတို့ကို စနစ်တကျဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စိုက်ခင်းများအတွင်း ရေကြီးနစ်မြုပ်မှု မရှိစေရေး၊ စိုက်ပျိုးရေပေးဝေနေသည့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်များ ရှင်းလင်းဆောင်ရွက်ထားရှိရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို အချိန်ကိုက်အချိုးကျ အသုံးပြုစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)