ဩဂုတ်လ ၁၅ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများဖြင့် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများမှ သိန်းဖျံ ကျေးရွာ နှင့် ထမ်ငေါ့ ကျေးရွာတို့၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်း၊ ကွန်ဟိန်းမြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းနှင့် ဝန်ထမ်းများသည် သိန်းဖျံကျေးရွာနှင့် ထမ်ငေါ့ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှုရှိ၊ မရှိစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မေးမြန်းဆွေးနွေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၁)ကြိမ်မြောက် စက်ဝန်းအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်သူစုစုပေါင်း အသင်းသား ၂၂ ဦးကို ငွေကျပ်သိန်း ၃၆၁ သိန်း ထုတ်ချေးပေးထားကြောင်း သိရသည်။
ချိုသန်းညွန့် (ကျေးလက်)


