ဩဂုတ် ၁၅
ပါကစ္စတန်နိုင်ငံတောင်ပိုင်းကရာချိဆိပ်ကမ်းမြို့၌ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် လေကြောင်းပစ်ခတ်မှုအများအပြားဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး အခြားလူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ပြောကြားချက်အရ ကလေးငယ်များအပါအဝင် လူပေါင်း ၁၁၀ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံကြီးသုံးခုသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ သုံးဦးထက်မနည်းရှိကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်စဉ်များနှင့်ဆက်စပ်၍ လက်ရှိအချိန်အထိ တရားခံ ၈၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် လက်နက် ၆၈ လက် သိမ်းဆည်းရမိခဲ့သည်ဟု ကရာချိရဲတပ်ဖွဲ့ကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


