လူတိုင်းလူတိုင်း အသက်ရှည်ကျန်းမာခြင်းကို လိုလားကြသည်။ အသက်ရှည် ကျန်းမာခြင်းသည် ကုသိုလ်ကံ အကြောင်းတရားကြောင့်ဟုဆိုသော်လည်း လူမှုစီးပွားဘဝ မြင့်မားခြင်းက အထောက်အပံ့ ဖြစ်စေပြီး သင့်တင့်လျောက်ပတ်သည့် နေထိုင်စားသောက်မှုနှင့် စိတ်ချမ်းမြေ့မှုများဖြင့် အားဖြည့်ထားခြင်းဖြစ်သည်။ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ခြင်းသည် အဓိကအကြောင်းရင်းဖြစ်ပြီး လူ့အသိုက် အဝန်းအတွင်း ဆင်းရဲမွဲတေမှုကိုပါ လျှော့ချပေးနိုင်သည်။

 

မြန်မာနိုင်ငံ၌ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် လိုအပ်ချက်များရှိနေသောကြောင့် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကြားတွင် မျှော်မှန်း သက်တမ်း အနည်းဆုံးနိုင်ငံအဖြစ်ရပ်တည် လျက်ရှိသည်။ နိုင်ငံအတွင်း အသက်ရှည်ကျန်းမာရေး စံနှုန်းများ မြင့်မားတိုးတက်လာစေရန်အတွက် နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်ရန် လိုအပ်သလို ကောင်းမွန်သည့် နေထိုင်စားသောက်မှုပုံစံများလည်း ရှိရန်လိုအပ်သဖြင့် စားသောက်ကုန်များကို ဈေးနှုန်းသက်သက်သာသာ ပြည့်ပြည့်ဝဝ ကောင်းကောင်းမွန်မွန် စားသောက်နိုင်အောင် ဖော်ဆောင်ပေးရမည်ဖြစ်သည်။

 

နိုင်ငံ့စီးပွားရေးအားကောင်းလာအောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ပြည်သူ တစ်ဦးချင်းစီအလိုက် ဝင်ငွေ တိုးတက်လာမည်ဖြစ်ပြီး အစားအသောက်များကို ပြည့်ပြည့်ဝဝ ဖူဖူလုံလုံ စားသုံးနိုင်မည်ဖြစ်သည်။ အာဟာရပြည့်ဝသော အစားအသောက်များကို စားသောက်နိုင်ပါက မျှော်မှန်း သက်တမ်းမြင့်မားလာမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကောက်ယူထားသော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ခန့်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကောက်ယူထားသောစာရင်းအရ ပြည်ပ၌ အလုပ်လုပ် ကိုင်နေသူ နိုင်ငံသား ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း သိရသည်။

 

နိုင်ငံရှိ အလုပ်လုပ်ကိုင်နိုင်သူများအားလုံး တက်ညီလက်ညီ လုပ်ကိုင်နိုင်ကြပါက ရေခံမြေခံ အခြေခံကောင်းများ ရှိပြီးဖြစ်သည့် မိမိတို့နိုင်ငံအတွက် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ပြီး လူမှုစီးပွား ဘဝများလည်း တိုးတက်လာမည်ဖြစ်သည်။ နိုင်ငံရှိလူဦးရေအနက် ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများအနေဖြင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းအသီးသီးတွင် လုပ်ကိုင်နေကြသူများဖြစ်သဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေး တိုးတက်လာပြီး နိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းကိုလည်း လျှော့ချနိုင်ကာ မျှော်မှန်းသက်တမ်းကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။

 

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်စီးပွားရေးမြှင့်တင်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး အနာဂတ်ကာလ နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်သွားကြမည့် အစိုးရများကလည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြလိမ့်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်း သည် ၂၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းဖြစ်သည်ဟု ခန့်မှန်း ထုတ်ပြန်ထားသည်။ မည်သို့ပင်ဆိုစေ နိုင်ငံသူ နိုင်ငံသားများအားလုံး တက်ညီလက်ညီ အလုပ်လုပ်ကြရန်လိုသည်။

 

မျှော်မှန်းသက်တမ်းမြင့်မားရေးအတွက် လက်တွေ့ကျသည့်၊ အခြေခံကျသည့် လုပ်ငန်းများသည် ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် တည်ဆဲအစိုးရလက်ထက်တွင် ကျေးလက် စီးပွားရေးကို တွန်းအားပေးဆောင်ရွက်နေသလို အစိုးရသစ်လက်ထက်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်သွားမည်ဟု ယုံကြည်သည်။ မွေးမြူရေး လုပ်ငန်းများတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတို့သည် မြန်မာနိုင်ငံရေမြေသဘာဝနှင့်ကိုက်ညီသည့် လုပ်ငန်းများဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကသီးနှံ ၁၀ မျိုး အထွက်တိုးအောင် ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး စိုက်ပျိုးထုတ်လုပ်နိုင်ပါက နိုင်ငံ့စီးပွား မြင့်မားတိုးတက်လာမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ မျှော်မှန်းသက်တမ်း မြင့်မားတိုးတက်ရေးအတွက် အခြေခံကျသည့် ကျေးလက်ဒေသ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေး မြှင့်တင်ဖော်ဆောင်ပေးပြီး နိုင်ငံ့စီးပွားမြင့်မားရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ