ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂၁၂၅ အဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှအပြည့်အဝဖြင့် တာဝန် ထမ်းဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဤသည်မှာရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်များ၊ မဲရုံနှင့် ရွေးကောက်ပွဲကော်မရှင်တို့တွင် တာဝန်ထမ်းဆောင်ကြသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ၊ မဲရုံအဆောက်အအုံ၊ ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံများ စသည်တို့ကို ဥပဒေဖြင့် အကာအကွယ်ပေးထားခြင်းဖြစ်သည်။ ဤဥပဒေအရ ရွေးကောက်ပွဲကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ဒေသမျှပင်ဖြစ်စေ ပျက်ပြားစေရန်အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုမူပြောဆိုမှုများကို မပြုကြရန်တားမြစ်ထားသည်။ ဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ကျူးလွန်သည့် ပြစ်မှုများအလိုက် ကျခံရမည့်ပြစ်ဒဏ်များမှာ ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှသည် နှစ်ရှည် ထောင်ဒဏ်၊ ထောင်ဒဏ်တစ်သက်နှင့် အကြီးလေးဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို သတိပြုကြရန်လိုသည်။
ပါလီမန်ဒီမိုကရေစီခေတ်က ရွေးကောက်ပွဲများတွင် မဲပုံးခိုးယူမှု၊ ဖျက်ဆီးမှုများ၊ လေးလောင်းပြိုင် လူသတ်မှုအပါအဝင် လူသတ်မှုများစသည်ဖြင့် ရွေးကောက်ပွဲကိုအကြောင်းပြု၍ အကျည်းတန်သော ဖြစ်ရပ်များဖြစ်ပေါ်ခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အာဏာရပါတီအနေဖြင့် ဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့မှုများ၊ ဥပဒေမဲ့ပြုကျင့်မှုများ ပြုလုပ်ခဲ့သည့်သာဓကများရှိနေရာ ၎င်းဖြစ်ရပ် များမှာ သင်ခန်းစာများပင်ဖြစ်သည်။ နိုင်ငံအတွက် လွန်စွာအရေးကြီးသော ရွေးကောက်ပွဲသည် ခြိမ်းခြောက်မှု၊ ဟန့်တားနှောင့်ယှက်မှုနှင့် အမျိုးမျိုးသောဖိအားပေးမှု စသည့်ပယောဂများ လွတ်ကင်းမှသာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒမဲကို ရရှိနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် ရက်ကို ထုတ်ပြန်ကြေညာသည့်နေ့မှစကာ ရွေးကောက်ပွဲကာလသို့ရောက်ရှိပြီး နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲဆန္ဒနယ် အသီးသီးတွင် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ အတွက်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်များက ဆန္ဒမဲပေးခြင်းစသည်တို့ သတ်မှတ်နေ့ရက်များအလိုက် ဆောင်ရွက်ကြရာတွင် ရွေးကောက်ပွဲများကို ကာကွယ်ပေးရေးဥပဒေအရ ဖွဲ့စည်းထားသည့် လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်တို့က ရွေးကောက်ပွဲကာလတစ်လျှောက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားကြမည်ဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပသွားမည်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံနှင့်ပြည်သူအတွက် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရန် လိုအပ်သည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိသွားမည်ကို မလိုလားသော အဖျက်အမှောင့်အုပ်စုများကလည်း ရွေးကောက်ပွဲပျက်စီးရာ ပျက်စီးကြောင်း သွေးထိုးလှုံ့ဆော်မှုများ၊ မမှန်မကန်ဝါဒဖြန့်မှုများ၊ သွားပုပ်လေလွင့်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီးတစ်ခုလုံး လုံခြုံစွာဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ မဲဆန္ဒရှင်များ လုံခြုံရေးတို့အတွက် အဟန့်အတား၊ အနှောင့်အယှက် ဟူသမျှကို ဥပဒေနှင့်အညီ ထိရောက်ဟန့်တား ဆောင်ရွက်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း


