ပြင်ဦးလွင် ဩဂုတ် ၁၆

 

ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်း၌ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အားတွေ့ဆုံ၍ လူငယ်ကဏ္ဍနှင့် ပညာရည်မြင့်မားရေး ဆွေးနွေး မှာကြားသည်။

 

ဆွေးနွေးပွဲသို့ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဒုတိယဝန်ကြီးက ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက ကျကြောင်း၊ ပညာတတ်များဖြင့်သာ နိုင်ငံကိုတည်ဆောက်နိုင်ကြောင်း၊  ပြည်သူများ လိုလား တောင့်တသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် ပညာနိမ့်ပါးသူ များဖြင့် အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

နိုင်ငံတော် အကြီးအကဲကလည်း အခါအခွင့်သင့်တိုင်း ကျောင်းသား ကျောင်းသူများအား အတန်း အောင်ရုံသာ ပညာသင်ကြားပေး ရန်မဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာ ဆိုင်ရာ ဗဟုသုတများရရှိစေရေး စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှားအမှန် ခွဲခြားသုံးသပ်နိုင်ကြရေး၊ နိုင်ငံသားကျင့်ဝတ်နှင့် လူမှုကျင့်ဝတ်များကိုပါ သင်ကြားပေးရေး  လမ်းညွှန်မှာကြားလျက်ရှိ ကြောင်း၊ အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းကဟူသည့်ဆောင်ပုဒ်၊  စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူသည့် ရည်မှန်းချက်များ နှင့်အညီ ဘက်စုံထူးချွန်သော ဗလ ငါးတန်ပြည့်ဝသော နိုင်ငံအတွက် အားထားရမည့် လူကောင်းလူတော်များဖြစ်အောင် လေ့ကျင့်သင်ယူ ကြရန်လိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများသာမက အသိပညာနှင့် ဗဟုသုတအတွက် စာပေများလေ့လာဖတ်ရှုရေး၊ စည်းကမ်းဥပဒေများကို လိုက်နာ တတ်အောင် လေ့ကျင့်နေထိုင်ရေး၊ ဘဝပျက်စီးစေမည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ် ဆေးဝါးတို့ကို ရှောင်ရှားရေး၊ နိုင်ငံတော်က ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ် ဖော်ဆောင်ရန်၊ မကြာမီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲ အောင်မြင်အောင် ဆရာ ဆရာမများ၊ လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးက ပါဝင် ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲ မဖြစ်အောင် နှောင့်ယှက်ဖျက်ဆီး နေသူများအား ဖော်ထုတ်ကာကွယ် ထိန်းသိမ်းရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများ မဲပေးနိုင်ရေးတို့ကို ဆွေးနွေး မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက အခြေခံပညာကျောင်းများအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ လှူဒါန်းသော သုတ၊ ရသစာအုပ် များနှင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနမှ  ပေးပို့သော အားကစားဆိုင်ရာ ပစ္စည်းများ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်အေးသင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်း​နောက် ​နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ​မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ​နောင်ချို ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်​ဆေးပြီး လုပ်ငန်းများ ပြန်လည်စတင်​ဆောင်ရွက်နိုင်​ရေး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ကျေပွန်ကြရေး၊ လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရေး၊ မကြာမီ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန်ကိစ္စများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို မှာကြားသည်။

 

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြင်ဦးလွင်ထပ်ဆင့်လွှင့်စက်ရုံ၌ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်