ဂျေရုဆလင် ဩဂုတ် ၁၆

 

အစ္စရေးနိုင်ငံ၏ မော့ဆက်အကြီးအကဲ ဒေးဗစ်ဘားနာသည် ဂါဇာဒေသရှိ ဓားစာခံများ ပြန်လည် လွတ်မြောက်ရေးကိစ္စနှင့်ပတ်သက်၍ ကာတာဝန်ကြီးချုပ် ရှိတ်ခ်မိုဟာမက်ဘင်အဗ္ဗဒူရာမန် ဘင်ဂျာဆမ်သာနီနှင့် ဆွေးနွေးရန်အတွက် ယမန်နေ့တွင် ဒိုဟာမြို့သို့ သွားရောက်ခဲ့ကြောင်း အစ္စရေး အစိုးရပိုင် ကန်တီဗီက သတင်းဖော်ပြသည်။

 

ဂါဇာတွင် ဖမ်းဆီးထားသော ဓားစာခံ အယောက် ၅၀ ကို အဆင့်လိုက် လွှတ်ပေးရန်မဟုတ်ဘဲ တစ်ပြိုင်နက်လွှတ်ပေးရန်လိုအပ်ကြောင်း ဒေးဗစ်ဘားနာက ကာတာဝန်ကြီးချုပ် ဘင်ဂျာဆမ်သာနီအား အသိပေးပြောကြားခဲ့ကြောင်း အကြီးတန်းအစ္စရေးအရာရှိတစ်ဦးက ပြောကြားခဲ့

သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည် အသက်သွင်းရန်နှင့် ဂါဇာတွင် အစ္စရေး၏ ပိုမိုပြင်းထန်သော ထိုးစစ်ဆင်ဆောင်ရွက်မည့်အစီအစဉ်ကို တားမြစ်ဟန့်တားနိုင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ ကာတာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် မော့ဆက်အကြီးအကဲ၏ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၈၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူများတွင် စားနပ်ရိက္ခာ လာရောက်ယူဆောင်သူ ၂၂ ဦး ပါဝင်ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်များက ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

 

လက်ရှိအချိန်အထိ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၆၁၇၇၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အငတ်ဘေးနှင့် အာဟာရချို့တဲ့မှုကြောင့် သေဆုံးသူ ၂၅၁ ဦးရှိပြီး ၎င်းတို့အနက် ကလေးငယ် ၁၀၆ ဦး ပါဝင်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်