မြစ်ကြီးနား ဩဂုတ် ၁၇
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ပမ္မတီး (ရွှေအိုက်) ရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုများ ယာယီတိမ်းရှောင်စခန်းနေ မိသားစုများအား အခြေခံ စားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား အတတ်နိုင်ဆုံး အမိုးအကာဖြင့် လုံခြုံစွာ နေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေစေရေးနှင့် ကျောင်းသားကလေးငယ်များ ပညာစဉ်ဆက်မပြတ် သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယနေ့မိသားစုများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အပြင် လိုအပ်သည်များကို တင်ပြကြစေလိုကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု ၁၃၆ စု တို့အတွက် စုစုပေါင်းငွေကျပ် ၁၂၃၃၅၂၀၀ တန်ဖိုးရှိ ဆန် ၂၄ ပြည်အိတ် ၁၃၆ အိတ်နှင့် ဆီ ၁၃၆ ပိဿာတို့ကို လည်းကောင်း၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ကျောင်းသားကလေးငယ် ၁၆၅ ဦးတို့အတွက် ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စခန်းအတွင်းရှိ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းမှ ကလေးငယ်များအတွက် အာဟာရကျွေးမွေး စရိတ်အဖြစ် ငွေကျပ် ၁၀ သိန်းနှင့် ယာယီအိပ်ဆောင်များ ပြုပြင်တိုးချဲ့ ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် ၁၀ သိန်းတို့ကို ထောက်ပံ့ ပေးအပ်ပြီး စခန်းအတွင်း ရေဝပ်ဧရိယာဖြစ်ပေါ်နေမှု အခြေအနေများနှင့် နန်းကွေ့ချောင်းရေ တိုက်စားမှုကို ကြည့်ရှုစစ်ဆေးကာ စခန်းအတွင်း ရေဝပ်သည့်နေရာများ သဲကျောက်ခင်းပေးနိုင်ရေး နှင့် ချောင်းရေတိုက်စားမှုကို ကွင်းဆင်းဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


