ပဲခူး ဩဂုတ် ၁၇
ပြည်မြို့နယ် မှော်စာရွာကျေးရွာ၌ “တက်နေထွန်း” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာ ဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်း သားရေးရာဝန်ကြီးတို့က “တက်နေထွန်း" စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သုတ၊ ရသ စာအုပ် စာဆောင်များနှင့် အလှူငွေကျပ်သိန်း ၃၀ ပေးအပ်ခဲ့ကာ မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတတိုးပွား၍ လိမ္မာယဉ်ကျေးသည့် လူတော် လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရေး အလေးထားစည်းရုံးဆောင်ရွက်ရန်နှင့် စာကြည့်တိုက်အား ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားရန် စာကြည့်တိုက်ကော်မတီဝင်များအား လမ်းညွှန်မှာကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ် လက်သည်းရေကန် (ခ)သုံးပန်လှကျောင်းဝင်းအတွင်းရှိ နှစ်ထပ်အုတ်ကျောင်းဆောင်အား ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံနေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ရှေးယခင်အတိုင်း မြန်မာမှု လက်ရာများဖြင့် ရှေးဟောင်း အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရာတွင် ခိုင်ခံ့မှုရှိရန်လည်း ဦးစားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး ပြင်ဆင်လျက်ရှိသည့် နှစ်ထပ်အုတ်ကျောင်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သရေခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ ကြက်တူရွေးတောင်၌ မျှော်စင်တည်ဆောက်ထားမှုကို ကွင်ဆင်းကြည့်ရှုစစ်ဆေးပြီး မျှော်စင် ပတ်ဝန်းကျင်၌ သဘာဝသစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်တစ်ခု ထားရှိရန်၊ တောင်အတက်/အဆင်းလမ်းများ ကောင်းမွန်မှု ရှိစေရေး ဆောင်ရွက်ရန်၊ မျှော်စင်၌ တင်ဆင်ထားသည့် လှေကားများ ပြန်လည်ပြင်ဆင်ရန်နှင့် ပျူမြို့ဟောင်းအတွင်းရှိ အထင်ကရနေရာ များကို မျှော်စင်မှ မြင်တွေ့နိုင်သည့် ပုံစံငယ်နှင့် မြေပုံလမ်းညွှန်များထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


