နေပြည်တော် ဩဂုတ် ၁၇
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများကို ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်နှင့် သံဃာတော်များအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ဦးဆောင်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများက ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ မိသားစုများနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ထို့နောက် အရာရှိကြီး တစ်ဦးက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းလျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သံဃာ့ဝန်ဆောင် လယ်ဝေးမြို့ မြို့ဦးသံလမ်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၁၈ သိန်း ၈ သောင်း၊ ဆန် ၇၄၇ အိတ်၊ ဆီ ၃၁၈ ပိဿာ ၂၀ ကျပ်သား၊ ပဲ ၂၁၈၂ ပိဿာ၊ ဆား၂၁၈၂ ပိဿာ၊ ဆေးမျိုးစုံ ၉၃၆ ဘူးတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


