တံတားဦး ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍လက်ဆွဲမျိုးစေ့ချကိရိယာ ပေးအပ်ပွဲနှင့် လက်တွေ့ကွင်းသရုပ်ပြ ဆောင်ရွက်ခြင်းကို ဩဂုတ် ၁၄ ရက်က တံတားဦးမြို့ မီးသွေးတိုက်ကျေးရွာအုပ်စု တောင်သူ ဦးသိန်းဝင်း လယ်မြေသုံးဧက၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဦးတင့်ဇော်က လယ်မြေများ စိုက်ပျိုးရာတွင် လုပ်သားရှားပါမှုပြဿနာနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ လက်ဆွဲမျိုးစေ့ချ ကိရိယာ ကိုင်တွယ်အသုံးပြုနည်းများ၊ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့် အချက်များကို တောင်သူများအား ရှင်းလင်းပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ ကွင်းသရုပ်ပြဆောင်ရွက် ကြသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက စိုက်ပျိုးရေးဆိုင်ရာအကြောင်းကို အသိပညာပေး ဆွေးနွေးပြီး တက်ရောက် လာကြသည့် တောင်သူများအား ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်သည်။
လက်ဆွဲမျိုးစေ့ချကိရိယာကို အသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် အလုပ်သမား လိုအပ်ချက်များကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်းပြီးစီးမှု မြန်ဆန်ကာ အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း ကြောင့် စိုက်ပျိုးစရိတ်လျှော့ချနိုင်ခြင်း၊ အပင်ပေါက်ကောင်းခြင်းနှင့် ပင်ကြား တန်းကြား ညီညာစွာ စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပေါင်းလိုက်ရာတွင် လွယ်ကူစွာလုပ်ဆောင်နိုင်ခြင်း၊ သီးနှံအထွက်နှုန်း တိုးခြင်းတို့ကြောင့် တောင်သူများအားထားရမည့် စက်ကိရိယာတစ်ခုဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)


