ရန်ကုန် ဩဂုတ် ၁၇
ငါးဈေးကွက်သို့ အချိန်အခါမဟုတ် ကန်ဖော်ရောင်းချမှုကြောင့် ပုံမှန်မွေးမြူထုတ်လုပ်ရောင်းချမှု ကွင်းဆက်ပြတ်လပ်နိုင်သည့်အပြင် ရေရှည်တွင် ဝယ်ယူစားသုံးမှုကိုလည်း ထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးမှ သိရသည်။
ရေငန်ထွက်ကုန် စတင်ဝင်ရောက်ခဲ့သည့် ဇူလိုင်လ ပထမပတ်မတိုင်မီ ရေချိုထွက်ကုန်များ ဈေးကောင်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငါးကန်များသည် ဈေးကောင်းရရှိခြင်း၊ ဆက်လက်မွေးမြူမှု အစာစရိတ်ချွေတာလိုခြင်းနှင့် ရာသီဥတုကြောင့် ငါးကန်များ ပျက်စီးဆုံးရှုံးမှုကို ရှောင်ရှားလိုခြင်းတို့ကြောင့် အချိန်မရောက်မီ ငါးကန်များကို ဖော်ကြရာ အရွယ်မတိုင်မီငါးများ ရွှေပိတောက်ငါးဈေးနှင့် ဗဟိုစံပြငါးဈေးသို့ ဝင်ရောက်လာခြင်းဖြစ်သည်။
“အရင်လို ဆိုဒ်ကြီးအရွယ်အထိမမွေးတော့ဘဲ ဆိုဒ်သေးတွေ ဈေးကွက်ကို ပို့နေတာကြာပြီ။ သူတို့အတွက်မြတ်ပြီး အခြားကုန်ကျစရိတ်တွေလည်း လျှော့ချရာရောက်တယ်။ ဒါပေမယ့် အရင်လို စားသုံးမှုနဲ့ ထုတ်လုပ်မှု ပုံမှန်အတိုင်း လည်ပတ်တော့မှာ မဟုတ်တဲ့အတွက် ငါးထုတ်လုပ်မှု ကွင်းဆက်ပြတ်သွားနိုင်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ၁၀ လ၊ တစ်နှစ်မွေးပြီးမှ ထုတ်လုပ်တာကို လေး၊ ငါးလနဲ့ ထုတ်ရောင်းလာကြတာပါ။ ပုံမှန်ရာသီအလိုက် မွေးမြူထုတ်လုပ်တာ မဟုတ်တော့တဲ့အတွက် ဈေးကွက်နဲ့ ထုတ်လုပ်မှုကို ထိခိုက်နိုင်တယ်။ ပုံမှန်အချိန် မဟုတ်ဘဲ ကန်ဖော်ရောင်းချပြီး ပြန်မွေးရတာကြောင့် ရာသီအလိုက် ဈေးကွက်ထဲကိုဝင်နေတဲ့ ငါးဝင်ရောက်မှုလည်း ပျက်သွားနိုင်တယ်။ ဒါကြောင့် မွေးမြူထုတ်လုပ်မှုလျော့ကျတာ၊ အချိန် အခါမဟုတ်ဘဲ ကန်ဖော်ရောင်းချတာတွေဟာ ပုံမှန်မွေးမြူထုတ်လုပ်ရောင်းချမှု ကွင်းဆက်ပြတ်လပ်သွားနိုင်တဲ့အတွက် ရေချိုထွက်ကုန်ဈေးကွက်အတွက်သာမက ရေချိုထုတ်လုပ်မှုကိုလည်း ထိခိုက်နိုင်ပါတယ်” ဟု ရွှေပိတောက်ငါးဈေးသာယာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
ငါးဈေးကွက်သို့ ဆိုဒ်သေးငါးများ ဝင်ရောက်မှုများလာခြင်းကြောင့် ပြည်ပပို့ ကုန်ဆိုဒ်ကြီး မွေးမြူမှု ၂၀ ရာခိုင်နှုန်းကျော် လျော့ကျလာကြောင်း၊ ငါးဆိုဒ်အသေးများ ကန်ဖော်၍ ၄/၅ လက်မ အရွယ်မျိုးငါးများ ပြန်လည်စိုက်ထည့်ရာတွင် ဝယ်မရခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ငါးမွေးမြူမှုလျော့ကျလာခြင်းသည် ငါးဈေးနှုန်းအမြင့်ဈေးတွင် ရပ်တန့်နေမှုကိုဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ရွှေပိတောက်ငါးဈေးသို့ ယခင်က တစ်ရက်လျှင် ရေထွက်ကုန် ပိဿာချိန် ငါးသိန်း ဝင်ရောက်ခဲ့ရာမှ ယခုအခါ ကုန်ချိန်သုံးသိန်းခန့်သာ ဝင်ရောက်လျက်ရှိရာ ရင်းနှီးမတည်ငွေ မြင့်မားလာမှုကြောင့် ကုန်ချိန် ၁၀၀ ရောင်းချရာမှ ကုန်ချိန် ၃၀ သို့ လျှော့ချရောင်းချခြင်းနှင့် လက်ကားရောင်းချရာ မြို့နယ်ဈေးများ၌ ငါးဈေးနှုန်းကိုမြှင့်၍ ရောင်းချမှုသည်လည်း စားသုံးသူ၊ ဈေးကွက်နှင့် မွေးမြူထုတ်လုပ်မှုကို ထိခိုက်လာနိုင်ကြောင်းနှင့် ရေထွက်ကုန်ဝင်ရောက်မှု လျော့ကျမှုကြောင့် ဝယ်လိုအားများလာမှုကို ကုစားနိုင်ရန် ငါးသေးဆိုဒ်များ ထုတ်လုပ်ရောင်းချမှုသည် ရေရှည်တွင် ရေထွက်ကုန်ပုံမှန်လည်ပတ်မှုကို ထိခိုက်နိုင်၍ ထုတ်လုပ်ရောင်းချမှုကွင်းဆက်ကိုလည်း ပြတ်လပ်သွားနိုင်ကြောင်း ရွှေပိတောက်ငါးဈေးမှ ရေထွက်ကုန်ဖြန့်ချိသော လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
သတင်း - သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်


